Sunday, June 8, 2014

ပြင်သစ်အိုးပင်းတွင် နာဒယ်လ် ကိုးကြိမ်မြောက်ဗိုလ်စွဲပြီး ပထမဆုံး ငါးနှစ်ဆက် အနိုင်ရသူဖြစ်လာ၊ ဂရင်းစလင်းဆုဖလား ၁၄ ခုနှင့် ဂန္ထ၀င်ကစားသမား ပိဆမ်းပရပ်စ်၏ စံချိန်ကို အမီလိုက်နိုင်ခဲ့

၂၀၁၄ တင်းနစ်ရာသီ၏ ဒုတိယမြောက် ဂရင်းစလင်းပြိုင်ပွဲ ဖြစ်သည့် ပြင်သစ်အိုးပင်း အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲကို ဇွန် ၈ ရက်က ကျင်းပခဲ့ရာ လက်ရှိချန်ပီယံ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ် (ဆီဒင် ၁) က ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်(ဆီဒင် ၂) ကို ၃-၁ ပွဲဖြင့် အနိုင်ယူပြီး ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။

နာဒယ်လ်နှင့် ဂျိုကိုဗစ်မှာ ယခုတစ်ကြိမ် အပါအ၀င် ၄၂ ပွဲ မြောက် ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး နာဒယ်လ်က ၂၃ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရှစ်ကြိမ်တိုင်ရရှိထားသူ (၂၀၀၅-၂၀၀၈၊ ၂၀၁၀- ၂၀၁၃) နာဒယ်လ်မှာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော အကြိမ်အားလုံး ချန်ပီယံဆုဆွတ်ခူးနိုင်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျိုကိုဗစ်မှာမူ ဒုတိယနေရာနှင့် ထပ်မံကျေနပ်ခဲ့ရသည်။ ပထမပွဲငယ်တွင် ဂျိုကိုဗစ်က ၆-၃ ဖြင့် အနိုင်ရခဲ့သော်လည်း

နာဒယ်လ်က ၇-၅၊ ၆-၂၊ ၆-၄ ဖြင့် သုံးပွဲဆက် ပြန်လည်အနိုင်ယူကာ ချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

နာဒယ်လ်အနေဖြင့် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ကိုးကြိမ်မြောက် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ဆွီဒင်တင်းနစ်သမား ဘယွန်းဘော့ကို ကျော်ဖြတ်ကာ ပထမဆုံး ငါးနှစ်ဆက်တိုက် အနိုင်ရသူအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းဆုဖလားမှာ နာဒယ်လ်အတွက် ကစားသမားဘ၀တစ်လျှောက် ၁၄ ကြိမ်မြောက် ရရှိခဲ့သည့် ဂရင်းစလင်း ဆုဖလားဖြစ်ပြီး အမေရိကန်ဂန္ထ၀င် ကစားသမားဟောင်း ပိဆမ်းပရပ်စ်၏ စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နာဒယ်လ်မှာ အမျိုးသား တင်းနစ်ပြိုင်ပွဲသမိုင်း၌ ဂရင်းစလင်းဆုဖလား အများဆုံးအဖြစ် စံချိန်တင်ထားသည့် ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒါရာ၏ ၁၇ ကြိမ် စံချိန်ကို အမီလိုက်နိုင်ရန် နီးစပ်လာခဲ့ကြောင်းလည်း သိရသည်။ ဂျိုကိုဗစ်မှာမူ ဂရင်းစလင်းဆုဖလား အားလုံးရယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

Eleven Media Group

No comments:

Post a Comment