Saturday, November 9, 2013

အကျဉ်းထောင် ဥပဒေ ပြင်ဆင်နိုင်ရေး လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးတွင် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး၊ အကျဉ်းထောင် ဥပဒေနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးသို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယ၀န်ကြီး ဦးအောင်သိန်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ Myanmar Peace Center မှ ဦးလှမောင်ရွှေ၊ ကြက်ခြေနီ ကိုယ်စားလှယ်များ၊ အကျဉ်းထောင်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် စိစစ်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်နိုင်ရေး ဆွေးနွေးမှုများနှင့် ကျန်နေသည့် နိုင်ငံရေး အကျဉ်းသားများအား အတတ်နိုင်ဆုံး မြန်မြန်လွှတ်ပေးနိုင်ရေး၊ စိစစ်မှုများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
"အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးဖြစ်တယ်။ အထူးသဖြင့် ဟိုးအရင် အင်္ဂလိပ်လက်ထက်မှာတောင်မှ နိုင်ငံရေး အကျဉ်းသားဆိုရင် A Class၊ B Class၊ C Class တို့ထားတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ပြောင်းလဲနေတယ်ဆိုရင် အကျဉ်းထောင်ကို ပြုပြင်ဖို့ လိုတယ်။ အဲဒီအတွက် အနိမ့်ဆုံး နိုင်ငံရေး အကျဉ်းသားတွေကို B Class နဲ့ ထားပေးဖို့ ဆိုတာတွေ ရှိပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဘိုကြည်က ပြောကြားသည်။

အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ကိစ္စမှာ ပေါ်လစီအရ ပြုပြင်ပြောင်းလဲပေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများသည် နောက်လည်း ရှိနေနိုင်ကြောင်းနှင့် ဖမ်းဆီးအရေးယူ ရာတွင်လည်း မျှတသော တရားစီရင်မှုဖြစ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထိုကဲ့သို့ ဆွေးနွေးမှုများအပြင် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး၊ အကျဉ်းထောင် ဥပဒေနှင့် ပတ်သက်၍ လွှတ်တ်ာကိုယ်စားလှယ်များကလည်း လွှတ်တော်တွင် တင်ပြမှုများ ရှိခဲ့ကြောင်း သိရသည်။ "အကျဉ်းထောင်မှာ အကျဉ်းထောင်စနစ်ကြီး ပြုပြင်ဖို့ ဒုတိယအကြိမ် လွှတ်တော်ကတည်းက တင်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းထောင် ဥပဒေ ထွက်မလာသေးဘူး။ န၀မအကြိမ် လွှတ်တော်မှာ ဒီတစ်လပြန်ထားဖို့ အတွက်တော့ ကျွန်တော်ဆောင်ရွက်မှာပါ" ဟု စိစစ်ရေး ကော်မတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
from EMG

No comments:

Post a Comment