Saturday, November 9, 2013

အမျိုးသမီး လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ကိုလံဘီယာ တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ ဆွေးနွေးပွဲ ယနေ့စတင်မည်

အမျိုးသမီး လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ကိုလံဘီယာ တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍဆိုင်ရာ အမျိုးသမီးများ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ Sky Star Hotel ၌ နိုဝင်ဘာ ၁၀ ရက်(ယနေ့)တွင် စတင်ပြုလုပ် သွားမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန်၊ ပဋိပက္ခနှင့် သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားရသည့် အမျိုးသမီးများ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းတွင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်မှုက အရမ်းနည်းနေသေးတာကို တွေ့ရပါတယ်။ နိုင်ငံရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေက တစ်ဦး၊ နှစ်ဦးလောက်ပဲ ပါဝင်နေတဲ့ အတွက်ကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ကွန်ရက်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပထမဆုံး ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်" ဟု ငြိမ်းချမ်းရေး အရပ်ဘက် လူမှုအဖွဲ့အစည်းဖိုရမ်၊ အလုပ်အမှုဆောင် ကော်မတီဝင် ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။ 
နိုဝင်ဘာ ၁၀ ရက်(ယနေ့)နှင့် ၁၁ ရက်တို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ကို တိုင်းရင်းသူ အမျိုးသမီးအဖွဲ့များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ပြည်ထောင်စုအဆင့် အမျိုးသား၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ၀န်ကြီးဌာနများမှ အဆင့်မြင့် ၀န်ထမ်းများ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့အစည်းများ၊ မသန်စွမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များမှ ဦးဆောင်ဆွေးနွေး သွားမည်ဖြစ်သည်။

နိုဝင်ဘာ ၁၂၊ ၁၃ နှင့် ၁၄ ရက်တို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချရေးအတွက် စီးပွားရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ခေါင်းစဉ်ကို ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ လူသားချင်း စာနာထောက်ထားသည့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ ဦးဆောင်ဆွေးနွေး သွားမည်ဖြစ်သည်။
from EMG

No comments:

Post a Comment