ဆီမှောင်ခို တင်သွင်းသည့် ဆီသင်္ဘောများအား စစ်ဆေး အရေးယူနိုင်ရန် ရေကြောင်းရဲတပ်ဖွဲ့မှ သင်္ဘောနှစ်စင်း အကူအညီတောင်းထားပြီး သင်္ဘောရသည့် အချိန်တွင် စတင်စစ်ဆေးမည်
ဆီမှောင်ခို တင်သွင်းသည့် ပြည်တွင်း ပြည်ပ ဆီတင်သင်္ဘောများအား လိုက်လံ
စစ်ဆေးနိုင်မည့် သင်္ဘောနှစ်စင်း အသုံးပြုခွင့်ရရန် ပြည်ထဲရေး ၀န်ကြီးဌာန၊
မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံထားပြီး အဆိုပါ
သင်္ဘောနှစ်စင်း ရရှိသည့်အချိန်တွင် ဆီမှောင်ခိုတင်သွင်းသည့် သင်္ဘောများအား
စတင်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး
ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။
ယခင်က
ရွှေသံလွင်ကုမ္ပဏီ အပါအ၀င် ဆီမှောင်ခိုကုန်သွယ်သူများသည် ပါမစ်ပါတန်ချိန်ထက်
ပိုမိုတင်ဆောင်ကာ တရားမ၀င်တင်သွင်းခြင်း၊ မော်လမြိုင်
ရေလမ်းကြောင်းတစ်လျှောက် ဖမ်းဆီးပြီးနောက် ရန်ကုန်သို့မ၀င်ဘဲဧရာဝတီတိုင်း
ဒေသကြီးဘက်သို့လမ်းကြောင်းပြောင်းကာ မှောင်ခိုကုန်သွယ်မှု
ပြုလုပ်ခြင်းအချို့ ရှိခဲ့သည့်အတွက် ထိုသို့ကုန်သွယ်မှု မပြုနိုင်စေရန်
စက်သုံးဆီတင်သင်္ဘောများအား စစ်ဆေးရခြင်းဖြစ်ကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအဖွဲ့သည်
လက်ရှိအချိန်၌ ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို စစ်ဆေးလျှက်ရှိရာ
ကမ်းရိုးတန်းသွား ကုန်သင်္ဘောများဆိုက်ကပ်ရာ ဆိပ်ကမ်းများတွင် တရားမ၀င်
ကုန်ပစ္စည်းများ သယ်ဆောင်လာမှု ရှိ / မရှိ၊ ခွင့်ပြုလိုင်စင်ပါ ပမာဏထက်
ပိုမိုတင်ဆောင်လာခြင်း ရှိ / မရှိတို့ကို အဓိကထား စစ်ဆေးလျှက်ရှိသည်။
"ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ကနေ ရေယာဉ်နှစ်စင်း
အကူအညီ တောင်းခံထားမှုရရှိတာနဲ့ တစ်ပြိုင်နက် စစ်ဆေးနိုင်အောင် အားလုံး
ပြင်ဆင်ထားပါတယ်"ဟု ဦးဝင်းလွင်က ဆိုသည်။ တရားမ၀င်ကုန်သွယ်မှု
တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအနေနှင့် တရားမ၀င်ကုန်သွယ်မှုများအား
ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် OEA / NEA ဆိပ်ကမ်းများ စက်သုံးဆီ
စစ်ဆေးရေးနှင့် မြစ်ကြောင်းတစ်လျှောက် တရားမ၀င်ကုန်သွယ်မှုများ
တားဆီးစစ်ဆေးရေးအဖွဲ့ နှစ်ဖွဲ့ဖွဲ့စည်းရန် လျာထားပြီး OEA / NEA
ဆိပ်ကမ်းများ စက်သုံးဆီ စစ်ဆေးရေးအဖွဲ့တွင် စီးပွားကူးသန်း၊ အကောက်ခွန်၊
မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့ စသည့်အဖွဲ့ဝင် ၂၇ ဦးဖြင့်
စစ်ဆေးမည်ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် တရားမ၀င် ကုန်သွယ်မှုများ
တားဆီးစစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ဖြင့် အဖွဲ့တစ်ဖွဲ့လျှင်
ရေယာဉ်တစ်စင်းနှုန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
from EMG
No comments:
Post a Comment