Saturday, November 16, 2013

တရုတ်နိုင်ငံ ဈေးကွက် စီးပွားရေး စနစ်ဘက် ဦးတည်

တရုတ်နိုင်ငံမှာ သောကြာနေ့က ကြေညာခဲ့တဲ့ ဘဏ္ဍာရေးနဲ့လူမှုရေးရာ အပြောင်းအလဲတွေမှာ ရောစပ်ပိုင်ဆိုင်မှု စီးပွားရေး ဖွံ့ဖြိုးမှုက အဓိက အစိတ်အပိုင်းဖြစ်တယ်လို့ တရုတ်အစိုးရကပြောပါတယ်။

တရုတ်နိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့ စီမံကိန်းတွေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုတော့မယ်ဆိုတာ ကွန်မြူနစ်ပါတီက ဒီတပတ် အတည်ပြုပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးအဆိုပြုမှု ၆၀ ရဲ့အသေးစိတ် အချက်အလက်တွေထဲမှာ တွေ့ရပါတယ်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက် အကျဉ်းချုပ်မှာတော့ တစ်ဦးတစ်ဖွဲ့တည်းက ချုပ်ကိုင်ထားတဲ့ စီးပွားရေးကိုဖျက်သိမ်းပြီး အပြိုင်အဆိုင်ရှိတဲ့ ဈေးကွက် စီးပွားရေးစနစ်ဆီကို သွားဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။


  တရုတ်နိုင်ငံက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဟာ အသေးစားနဲ့အလတ်စား ပုဂ္ဂလိကဘဏ်တွေ ဖွင့်ခွင့်ရကြမှာဖြစ်ပြီး ဒီဆယ်စုနှစ်အဆုံးမှာတော့ နိုင်ငံပိုင် ကုမ္ပဏီကြီးတွေက အစိုးရကို အမြတ်ငွေများများ ခွဲပေးရမှာဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီရဲ့ ဒီတပတ် ပီကင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ လေးရက်ကြာ အစည်းအဝေးပွဲမှာ တရုတ်နိုင်ငံရဲ့ အစိုးရကချုပ်ကိုင်တဲ့ စီးပွားရေးစနစ်နေရာမှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် အစားထိုးကျင့်သုံးနိုင်အောင် လုပ်ဆောင်ဖို့ ဆိုတာက အဓိကဆွေးနွေးဖြစ်တဲ့အကြောင်းအရာဖြစ်ပါတယ်။

သောကြာနေ့က ကြေညာသွားတဲ့ တရုတ်ရဲ့ လူမှုရေးရာ ပြုပြင်ပြောင်းလဲမှုကလည်း ကမ္ဘာက အာရုံစိုက်နေတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ဆယ်စုနှစ်ပေါင်းစွာ ကျင့်သုံးလာခဲ့တဲ့ တစ်အိမ်ထောင် ရင်သွေးတစ်ယောက် မူဝါဒကိုလျှော့ပေါ့ပေးလိုက်ပြီး လူတွေကိုတရားရုံးမတင်ဘဲ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ အလုပ်နဲ့လေ့ကျင့်ရေးစခန်းစနစ်ကိုလည်း ပယ်ဖျက်မယ်လို့ ကြေညာသွားပါတယ်။

from VOA

No comments:

Post a Comment