Tuesday, April 9, 2013

အကြမ်းဖက်မှုများသည် နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံသို့ အလည်ရောက်ခဲ့သည့် ကန်သမ္မတဟောင်း ဂျင်မီကာတာပြောကြား



မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများသည် နိုင်ငံကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နေစဉ်အချိန်အတွင်း
နိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သည့် ကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောကြားသည်။
ဂျင်မီကာတာ၏ ကာတာစင်တာမှ ထုတ်ပြန်ခဲ့သော "ရန်ကုန်တွင် ပြောကြားခဲ့သည့် ဂျင်မီကာတာ၏ မှတ်ချက်များ"ဟူ၍ ခေါင်းစဉ်တပ် သတင်းထုတ်ပြန်ချက်တွင်
သမ္မတဟောင်းကာတာက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်း၏အမြင်များကို ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ သမ္မတကာတာက မြန်မာ့အပြောင်းအလဲများတွင်
ထူးခြားစွာ တိုးတက်မှုများ ရှိခဲ့ကြောင်း၊ သို့သော် ဆက်လက်လုပ်ဆောင်စရာ အများအပြား ကျန်ရှိနေသေးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းက နိုင်ငံ၏
အခြားနေရာများနှင့် မိတ္ထီလာမြို့တွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဘာသာရေးတင်းမာမှုများနှင့် အကြမ်းဖက်မှုများကို အထူးပင် စိုးရိမ်ပူပန်မိကြောင်း ပြောသည်။

သမ္မတကာတာက မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ပတ်သက်၍ "လူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်းဟာ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု
ဖြစ်စဉ်မှာ မှတ်တိုင်တစ်ရပ်ဖြစ်ရပါမယ်"ဟု ပြောကြားသည်။ ၎င်းက နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ယခုအခါ မြန်မာနိုင်ငံကို
ထောက်ခံအားပေးနေကြောင်းလည်း ဆိုသည်။

"နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ ယခုဆိုရင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ကွဲပြားခြားနားပြီး သည်းခံမှုရှိတဲ့ မြန်မာနိုင်ငံကို ထောက်ခံအားပေးတဲ့အနေနဲ့
အတူတကွ ရပ်တည်နေပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအန္တရာယ်ဟာ နိုင်ငံကို အသစ်ပြန်လည် တည်ဆောက်နေချိန်မှာ တိုင်းပြည်ရဲ့
ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေမယ့် အန္တရာယ်ရှိနေပါတယ်"ဟု ပြောကြားသည်။

သတင်းထုတ်ပြန်ချက်တွင် မစ္စတာကာတာက ခက်ခဲသည့် အပြောင်းအလဲလမ်းကြောင်းကို ခိုင်မာစွာ ချီတက်နေသော မြန်မာပြည်သူများနှင့် ခေါင်းဆောင်များကို
လေးစားအားကျမိကြောင်း ထပ်လောင်းဖော်ပြခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို ပဋိပက္ခဖြေရှင်းရေးအတွက် ငြိမ်းချမ်းသော
နိုင်ငံရေးဖြေရှင်းချက် ရရှိရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

  from  7Day News Journal

No comments:

Post a Comment