မြန်မာနိုင်ငံမှာ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ အထင်ကရ အဆောက်အဦးတွေကို ထိန်းသိမ်းရင်းနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကနေ ၀င်ငွေရရှိအောင်ဖန်တီးရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဒီနေ့ကျင်းပပါတယ်။အဲဒီဆွေးနွေးပွဲကို အာရှ၊ ဥရောပဖောင်ဒေးရှင်း၊ Hanns Seidel ဖောင်ဒေးရှင်းနဲ့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ပြယုဂ် အဆောက်အဦးတချို့ကို ထိန်းသိမ်းစောင့်ရှောက်ထားသင့်ပေမယ့် တစ်ချို့အဆောက်အဦးတွေကိုတော့ ၀င်ငွေပြန်ရနိုင်မယ့်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သင့်တယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကိုဇော်လင်းမြတ်က RFA ကို ပြောပါတယ်။
"တချို့အဆောက်အအုံတွေကျတော့ ဘာမှမသုံးပဲနဲ့ ဒီအတိုင်းပဲထိန်းသိမ်းလို့ဆိုရင် ငွေကုန်ရုံပဲအဖတ်တင်မယ်၊ ဝင်ငွေပြန်ရတော့မှပဲ ဒီအဆောက်အအုံတွေကို ထိန်းသိမ်းနိုင်မှာလေ၊ ဟိုတယ်ပြောင်းမယ့်ဟာကတော့ ပြောင်းသင့်တဲ့ဟာကိုတော့ ပြောင်းရမှာပေါ့၊ နိုင်ငံ့သမိုင်းနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ ဆိုလို့ရှိရင်တော့ ကျနော်အမြင်ရဆိုရင်တော့ ဟိုတယ်ပြောင်းဖို့မသင့်ဘူး"
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော် ကိုလိုနီခေတ်ကတည်းကတည်ရှိခဲ့တဲ့ ရန်ကုန်တိုင်း စုပေါင်းတရားရုံး
အဆောက်အဦးကို အစိုးရကဟိုတယ်အဖြစ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပြုလိုက်တာကို ရှေ့နေများကွန်ရက်က ကန့်ကွက်ထားတာလည်း ရှိနေပါတယ်။ ရန်ကုန်မြို့တော်စည်ပင်ရဲ့ စာရင်းတွေအရ ရန်ကုန်မြို့မှာ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် အဆောက်အဦး ၁၈၉ လုံးရှိပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆက်လက်စာရင်းပြုစုသွားမယ်လို့လည်း သိရပါတယ်။
from RFA Burmese
No comments:
Post a Comment