Monday, June 24, 2013

တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးရာ အကြီးအကဲ ပြောကြား


တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေးရာ အကြီးအကဲ ယန်ကျဲချီမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။


ိုင်ငံခြားရေးရာ အကြီးအကဲ ယန်ကျဲချီမှ နှစ်နိုင်ငံ ပူးပေါင်းဆောက်ရွက်ရမည့် ကိစ္စရပ်များကို ရေရှည်တည်တံ့ ခိုင်ခံ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သောလမ်းကြောင်း ရွေးချယ်နိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်နှင့် မြန်မာနိုင်ငံတို့အကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းအကောင်အထည်ဖော်ရေး၊ မိတ်ဖက်ဆက်ဆံရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးများမှ သဘောတူညီမှု လက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေးရာ အကြီးအကဲ ယန်ကျဲချီသည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၃ ရက်နေ့က အလုပ်သဘော အလည်အပတ်ခရီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ရောက်ရှိစဉ်အတွင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့် အခြေအနေများ၊ စီးပွားရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယန်ကျဲချီသည် တရုတ်နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၂၀၀၇ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ် မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် ကောင်စီဝင်အဖြစ် မတ်လတွင် တင်မြှောက်ခံခဲ့ရသည်။ ၎င်းသည် အမေရိကန် ပြည်ထောင်စုတွင် တရုတ်သံတမန်အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယန်ကျဲချီသည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း တောင်တရုတ်ပင်လယ်ရှိ ဟိုင်နန်ကျွန်းကမ်းလွန်တွင် အမေရိကန် သူလျှိုလေယာဉ်နှင့် တရုတ်ဂျက်လေယာဉ်တို့ ဝေဟင်တွင် တိုက်မိသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုများ ပြေလျော့စေရန် ကြိုးစားခဲ့သူ ဖြစ်သည်။

ယန်ကျဲချီသည် တရုတ်နိုင်ငံခြားရေး မူဝါဒ၏ အဓိက ပဲ့ကိုင်ရှင်များတွင် တစ်ဦးအပါအ၀င်အဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။

from Eleven

No comments:

Post a Comment