အခု ရက်သတ္တပတ်ကတော့ အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၀၀၀ နား ရောက်သွားတဲ့ ရက်သတ္တပတ်လို့ ပြောရမှာပါ။ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာဈေးက သိသိသာသာ မြင့်တက်လာပြီး ပြင်ပငွေလဲနှုန်းက ဇွန် ၂၁ ရက် နံနက်ပိုင်းမှာ တစ်ဒေါ်လာကို ကျပ် ၉၉၀ လောက်ထိ မြင့်တက်သွားခဲ့တာပါ။ ညနေပိုင်းမှာတော့ ၉၇၅ ကျပ်ကို ပြန်လည်ကျဆင်း လာခဲ့တယ်လို့
သိရပါတယ်။ ဒေါ်လာဈေး ပြင်ပဈေးကွက်မှာ မြင့်တက်သွားတာကြောင့် အပြင်ဈေးနှုန်းနဲ့ သိမ်ဖြူဈေးနှုန်းဟာ ၁၄ ကျပ်ကနေ ၂၄ ကျပ်အထိ ကွာဟသွားပါတယ်။ ဒါပေမဲ့ ဇွန် ၂၁ ရက် ဗဟိုဘဏ်ရဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းက တစ်ဒေါ်လာကို ၉၅၄ ကျပ်ဖြစ်ပြီးတော့ သိမ်ဖြူငွေလဲကောင်တာမှာတော့ တစ်ဒေါ်လာကို ၀ယ်ဈေး ၉၅၁ ကျပ်နဲ့ရောင်းဈေး ၉၆၁ ကျပ် ရှိနေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ဒေါ်လာဈေး တက်လာပေမယ့် နိုင်ငံတကာရွှေဈေးနဲ့အတူ မြန်မာရွှေဈေးကလည်း လိုက်ပါကျဆင်း လာပါတယ်။ ဇွန် ၂၁ ရက်မှာပဲ တစ်အောင်စကို ၁၃၀၀ ဒေါ်လာအောက်ကို ပြန်ဆင်းသွားခဲ့တဲ့ ရွှေဈေးကြောင့် ပြည်တွင်းရွှေ တစ်ကျပ်သားကိုကျပ် ၁၀၀၀၀ ၀န်းကျင်လောက် ပြန်ပြီးကျဆင်း လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၁ ရက်နေ့မှာ အခေါက်ရွှေ တစ်ကျပ်သားရဲ့ တန်ဖိုးက ကျပ် ၇၀၀၀၀၀ အောက်ကို ပြန်ရောက်သွားတယ်လို့ သိရပါတယ်။ အခုလို ဒေါ်လာဈေး တက်သွားပေမယ့် ပြည်တွင်းပဲဈေးနဲ့ ဆန်ဈေးတွေကတော့ ပြောင်းလဲမှု သိသိသာသာ မရှိလှပါဘူး။ အတိတ်တစ်ချိန်ကတော့ ဒေါ်လာဈေး တက်တာနဲ့ ပြည်ပတင်ပို့တဲ့ ပဲဈေးမြင့်တက် လာတတ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒေါ်လာဈေး တက်ပေမယ့် အိန္ဒိယ ရူပီးဈေးနှုန်း ကျဆင်းနေတဲ့အတွက် ပဲဈေးနှုန်း သိသိသာသာ ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှာတော့ မေလကုန်အထိ ပြည်ပကိုပဲ မျိုးစုံတင်ပို့မှုနဲ့ အမေရိကန်ဒေါ်လာ ၁၅၆ သန်း ရရှိသွားပြီလို့ စီးပွားကူးသန်း ၀န်ကြီးဌာနက ရရှိတဲ့ သတင်းတွေအရ သိရပါတယ်။
ပြည်ပရင်းနှီးမြုပ်နှံမှု အနေနဲ့တော့ ကမ္ဘာတစ်ဝန်းလုံးမှာ ဆိုင်ခွဲပေါင်း ၄၀၀၀ ခန့် ဖွင့်ထားပြီဖြစ်တဲ့ bbq Chicken ( Best of the best Quality) အသင့်စား စားသောက်ဆိုင်ကို ရန်ကုန်မြို့ ၃၁ လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာ ဇွန်လကုန်မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ Myanmar culinary Hold ing Co.,Ltd ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့တော့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့အညီ လုပ်ကိုင်မယ့် နောက်ထပ်လုပ်ငန်း ငါးခုကို တစ်ပတ်အတွင်းမှာပဲ ထပ်ချပေးလိုက်တယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာတော့ ဟိုတယ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပြီး ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၄၉၆ ဒသမ ၇၁၂ သန်း ရှိသွားပြီလို့ သိရပါတယ်။
ကုန်သွယ်မှုမှာတော့ အီးယူနိုင်ငံတွေကပေးတဲ့ ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်နှင့် ပတ်သက်တဲ့ အကျိုးခံစားခွင့် GSP ကို နောက်ကြောင်းပြန်ထုတ်ယူလို့ ရပြီဖြစ်လို့ ၂၀၁၂ ခုနှစ် ဇွန် ၇ ရက်နောက်ပိုင်း တင်ပို့တဲ့ အထည်အလိပ်နဲ့ ရေထွက်ကုန် ပစ္စည်းတွေအတွက် အခွန်သက်သာခွင့် ပြန်လည်ထုတ်ယူလို့ ရသွားပြီလို့ သိရပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အကြိမ် ၅၀ မြောက် ကျောက်မျက်ရတနာပွဲမှာတော့ ကျောက်မျက်အတွဲပေါင်း ၂၇၂ တွဲကို တင်ဒါစနစ်နဲ့ ရောင်းချခဲ့သလို လေလံစတစ်နဲ့ ရောင်းချတဲ့ အထဲမှာ ယူရို ၁၀ သန်းတန်တဲ့ ပတ္တမြား ပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဇွန် ၁၉ ရက်မှာ ကျင်းပတဲ့ ကျောက်မျက်ပွဲမှာ ယူရိုခြောက်သန်းကျော်ဖိုး ရောင်းချခဲ့ရပြီး ဇွန် ၂၀ ရက်အထိ ရောင်းချတဲ့ပွဲမှာတော့ ယူရိုသန်း ၂၂၀ အထိ ရောင်းချရမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၉၄၀ ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားလိုက်ပြီးတော့ ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ပဋိပက္ခ ရိုက်ခတ်ခံရသူတွေအတွက် စတာလင်ပေါင် သန်း ၁၈၀ ကျော် ကူညီသွားမယ်လို့ . . . . .
မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ထိပ်သီးဆွးနွေးပွဲကို ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်မှာ ရန်ကုန်မြို့ ဆီးဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာတစ်လွားက စွမ်းအင်ကုမ္ပဏီတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထို့အတူပါပဲ မြန်မာနိုင်ငံရဲ့ ကမ်းနီးကမ်းဝေး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ ကို ဧပြီ ၁၀ ရက်က တင်ဒါခေါ်ယူခဲ့ပြီး ပဏာမအဆင့် ရွေးချယ်ခံရသူ စာရင်းကို နှစ်လအတွင်း ထုတ်ပြန်သွားမယ်လို့ သိရတဲ့အတွက် သြဂုတ်လကုန်ဝန်းကျင်မှာ စာရင်းထွက်လာနိုင်ပါတယ်လို့ သိရပါတယ်။ အရင်းအမြစ်တွေနဲ့ ပတ်သက်ရင်တော့ မြန်မာနိုင်ငံမှာ တွေ့ရှိပြီး သဘာဝဓာတ်ငွေ့တွေထက် ရှာဖွေတွေ့ရှိခြင်း မရှိသေးတဲ့ သဘာဝဓာတ်ငွေ့တွေ ပိုများနိုင်တယ်လို့ အမေရိကန်အခြေစိုက် မက်ကင်စေးအင်စတိကျူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံဟာ အဆင့် ၄၆ မှာ ရှိနေတာ ဖြစ်ပါတယ်။
မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်တော့ အစိုးရ အနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုသလို စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံ မီချီဂန်တက္ကသိုလ်၊ စီးပွားရေးနဲ့ လူမှုရေးတိုးတက်ဖွံ့ဖြိုးရေး အဖွဲ့က ဇွန် ၂၁ ရက်က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ပြုလုပ်တဲ့ပွဲမှာ ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားက အကူအညီတွေ အနေနဲ့တော့ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၉၄၀ ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားလိုက်ပြီးတော့ ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ပဋိပက္ခ ရိုက်ခတ်ခံရသူတွေအတွက် စတာလင်ပေါင် သန်း ၁၈၀ ကျော် ကူညီသွားမယ်လို့လည်း သိရပါတယ်။
ဘဏ်လုပ်ငန်းဆိုင်ရာတွေနဲ့ ပတ်သက်ရင်တော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ် (Export Import Bank of India) ကို ရန်ကုန်မြို့မှာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန် လိုက်ပါတယ်။ ဒါနဲ့အတူ မြန်မာနိုင်ငံ စတော့အိတ်ချိန်းနဲ့ ငွေရေးကြေးရေး ကဏ္ဍမှာ အသုံးပြုမယ့် ပထမဆုံး Container DATA Centre ကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ တည်ဆောက်သွားမယ်ဆိုတဲ့ အကြောင်းနဲ့ ဒီတစ်ပတ်အတွက် တစ်ပတ်အတွင်း စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
from Eleven
No comments:
Post a Comment