မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်မှတစ်ဆင့် နှစ်လအတွင်း စက်သုံးဆီ
တန်ချိန်ပေါင်း ၈၀၀၀ နီးပါး တင်သွင်းခဲ့ပြီး ဘတ်ငွေတန်ဖိုး မြင့်တက်၍
ထိုင်းမှတင်သွင်းရသည့် စက်သုံးဆီ ဈေးအနည်းငယ် မြင့်တက်ခဲ့သည်ဟု သိရသည်။
နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ စက်သုံးဆီ တင်သွင်းရာတွင် ဒီဇယ်ဖြစ်စေ၊ အောက်တိန်းဖြစ်စေ တစ်လစ် (၄ လစ်လျှင် ၅ ဂါလန်နီးပါး ပါသည်) လျှင် ၄၀၀၀ ကျပ်အထိ ရှိလာကြောင်း သိရသည်။
ယခင်က ထိုင်းဘတ်ငွေမှာ နယ်စပ်တွင် တစ်ဘတ်လျှင် ၂၈ ကျပ် ကျော်ကျော်သာ ရှိသည့်အတွက် စက်သုံးဆီ တစ်ဂါလန် တင်သွင်းရသည့်ဈေးမှာ တစ်ဂါလန်လျှင် ၃၀၀၀ ကျပ်ဝန်းကျင်သာ ရှိသော်လည်း အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုကြောင့် တစ်ဘတ်လျှင် ၃၂ ကျပ်နီးပါးအထိ ဖြစ်လာသည့်အတွက် ယခုအခါ တင်သွင်းဈေးမှာ တစ်ဂါလန်လျှင် ကျပ် ၃၂၀၀ မှ ၃၄၀၀ ကြားအထိ မြင့်တက်လာသည်ဟု သိရသည်။
မြန်မာနိုင်ငံ နယ်စပ်မှတစ်ဆင့် စက်သုံးဆီအား တရားဝင် တင်သွင်းရာတွင် ထိုင်းနယ်စပ်မှတစ်ဆင့် အများဆုံး တင်သွင်းပြီး တရုတ်နယ်စပ်မှ တရားဝင် စက်သုံးဆီ တင်သွင်းမှုမှာ နည်းပါးကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ်တွင်လည်း မြိတ်နှင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှသာ တရားဝင် တင်သွင်းမှု များပြားကြောင်း၊ နှစ်လအတွင်း မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒီဇယ်ဆီတန်ချိန် ၄၄၀၀ ကျော်နှင့် ဓာတ်ဆီ ၃၈၂ တန် တင်သွင်းခဲ့ကြောင်း၊ တာချီလိတ် နယ်စပ်မှတစ်ဆင့် ဒီဇယ်ဆီတန်ချိန် ၁၃၃၄ ကျော်နှင့် ဓာတ်ဆီတန်ချိန် ၁၀၄၄ တန်ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်မှတစ်ဆင့် စက်သုံးဆီ တင်သွင်းရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြိတ်၊ မြ၀တီ နယ်စပ်များမှတစ်ဆင့် တင်သွင်းပြီး ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ မေ ၂၄ ရက်အထိ စက်သုံးဆီ တန်ချိန်ပေါင်း ၇၈၅၀ နီးပါး တင်သွင်းခဲ့သည်ဟု သိရသည်။
စက်သုံးဆီ တန်ချိန် ၇၈၅၀ နီးပါးအတွက် အမေရိကန်ဒေါ်လာ ၈ သန်းနီးပါးဖိုး သုံးစွဲတင်သွင်း ခဲ့ရပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၄၅ တန်အထိ တင်သွင်းအသုံးပြု နေရပြီး အချို့နယ်စပ်များမှ တရားမ၀င် တင်သွင်းမှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း နယ်စပ်စခန်းများမှ သိရသည်။
FROM EMG

No comments:
Post a Comment