Saturday, June 8, 2013

သပိတ်ကျင်းတွင် ရွှေတွင်းပြိုကျ၍ လူနှစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အောင်မေတ္တာရှင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ပိုင် ရွှေလုပ်ကွက်(အင်း)အတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျ၍ အင်းအတွင်းသို့ လူနှစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


သေဆုံးသူ အင်းလုပ်သားနှစ်ဦးသည် သပိတ်ကျင်းမြို့ ချောင်းကြီးကျေးရွာ နှင့် ကလောမြို့နယ် မြင်းတောက်ကျေးရွာ တွင် နေထိုင်သူများဖြစ်ပြီး အင်းအမှတ်(၆)၊ အင်းအနက် ၆၀ ပေ၊ အင်းအကျယ် ၄ ပေ ပတ်လည်ရှိ အင်းအတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျ၍ အင်းအတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

ယင်းအမှုကို သပိတ်ကျင်းမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"အခုက မိုးရာသီဖြစ်တဲ့အတွက် အင်းအသား မခိုင်တာတွေ၊ နောက်မြေသားက မာကျောမှု အားနည်းတာရယ်၊ မိုးရွာထား တာတို့ကြောင့် အင်းအတွင်းမြေပြိုတာတို့ ဖြစ်တယ်"ဟု ရမည်းသင်း မိုးထိမိုးမိဒေသမှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အလားတူ မေလ ၁၆ ရက်နေ့ ကလည်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိရွှေတူး ဖော်ရေး ဒေသတွင် အင်းအတွင်းပြုတ်ကျ၍ သေဆုံးသွားသည့်ဖြစ်စဉ် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။

from The Voice Weekly News

No comments:

Post a Comment