Monday, June 24, 2013

တိုင်းရင်းသားမဟာမိတ်နှင့် အစိုးရ နိုင်ငံရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း


ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) အကြား နိုင်ငံရေးဆွေးနွေးပွဲတွေ ၂ လ အတွင်း လုပ်ကြဖို့ ဖေဖော်ဝါရီလလယ်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်းဆွေးနွေးပွဲကနေ သဘောတူ ထုတ်ပြန်ထားပေမယ့် ၄ လ ကြာမြင့်တဲ့တိုင် နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုမရှိသေးဘဲ ရက်ရွှေ့ဆိုင်းနေပါတယ်။


ဒီလိုအချိန်ကြာမြင့်တာနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦီးလှမောင်ရွှေကို မေးမြန်းကြည့်တဲ့အခါမှာ အခြေအနေအကြောင်းခံတွေကို ရှင်းပြပြီး လာမယ့်ဇူလိုင်လဆန်းပိုင်းမှာ နှစ်ဘက် အလုပ်အဖွဲ့တွေ တွေ့ဆုံကြပြီးမှာ တွေ့ဖို့ ရှိမယ်လို့ ဖြေပါတယ်။

“အဓိက အချက် ၂ ချက်ရှိပါတယ်။ နံပါတ် ၁ ကတော့ ကေအိုင်အိုနဲ့ ပဋိပက္ခကို ဦးစားပေး ဆောင်ရွက်တာ သူတို့ကိုလည်း ကျနော်တို့ တင်ပြထားတယ်။ သူတို့ သဘောတူပါတယ်။ ကေအိုင်အိုနဲ့ ကျနော်တို့ ဆက်တိုက်လုပ်နေတော့ သူတို့နဲ့တွေ့ဖို့ အချိန်ကို အနည်းငယ်ရွေ့ပေးဖို့၊ ကျနော်တို့ဘက်က ချိန်းတဲ့အချိန်တုန်းကလည်း သူတို့ဘက်ကခေါင်းဆောင်တွေ မအား ဘူး၊ ဦးအောင်မင်းကလည်း မအားဘူး။ ဒါ နည်းနည်းကြတယ်။ နောက်တခုက ကျနော်တို့ အလုပ်အဖွဲ့တွေနဲ့ ဇွန်လိုင် လဆန်းမှာ ယူအန်အက်ဖ်စီ အလုပ်အဖွဲ့တွေနဲ့ တွေ့ဖို့ ချိန်းဆိုထားတာတော့ ရှိတယ်။ အဲဒါပြီးရင်တော့ တွေ့ဖို့ရှိတယ်။”
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုအဖွဲ့ ကိုယ်စားလှယ် တွေဟာ မေလကုန်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကနေ နိုင်ငံရေးဆက်ဆွေးနွေးဖို့၊ တိုက်ပွဲထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းကြဖို့ ပူးတွဲစောင်ကြပ်ကြည့်ရှု ရေးအဖွဲ့ ဖွဲ့ဖို့၊ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးကိစ္စ၊ တပ်နေရာချတာတွေ ဆက်လုပ်ဖို့နဲ့ ကေအိုင်အိုကိုယ်စားလှယ် တွေကို မြို့ပေါ်မှာထားဖို့ သဘောတူညီကြပါတယ်။

ဇွန် ၁၅ ရက်မှာတော့ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးဦးဆောင်တဲ့ ကေအန်ယူကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ ရန်ကုန်မြို့မှာ အလွတ်သဘော ဆွေးနွေးသလို ကေအန်ယူအလုပ်အဖွဲ့ကလည်း အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ရဲ့ အလုပ်အဖွဲ့နဲ့ ဆွေးနွေးကြတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“နှစ်ဖက်အများကြီး ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် အဲဒါက တခါတည်းဖြစ်မှာမဟုတ်တဲ့အတွက် တဖက် ခေါင်းဆောင် တွေကို တင်ပြဖို့ သူတို့လည်း ပြန်သွားတယ်။ ကျနော်တို့လည်း ခေါင်းဆောင်တွေနဲ့ ပြန်ဆွေးနွေးဖို့ လိုသေးတယ်။”

ဇွန် ၂၀ ရက် ကေအန်ပီပီနဲ့ အစိုးရဆွေးနွေးပွဲကနေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ရောက်ရှိရေး ဆက်လက်ဆောင်ရွက်ဖို့၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ် ဆက်ဆွေးနွေးဖို့၊ ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းဖို့၊ ပြည်တွင်း ဌာနေမဲ့သူများကို ပြန်လည်နေရာချထားရေးနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စ ညှိနှိုင်းဆောင်ရွက်ဖို့ အပါအ၀င် အချက် ၈ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ချိန်းဆိုထားတဲ့အချိန်အတိုင်း ပျက်ကွက်နေတဲ့ ၂ လတာကာလအတွင်းမှာ ပြည်တွင်းက တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကလည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြဖို့ တိတိလင်းလင်း ကြေညာချက်ထုတ်ပြန် ကြေညာခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ်လို့ ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ ထပ်မံပြောဆိုခဲ့ပါတယ်။

from DVB

No comments:

Post a Comment