Wednesday, July 10, 2013

ဘဏ် အီလက်ထရွန်နစ် စာရင်းရှင်းစနစ် ဗဟိုဘဏ် ဖော်ဆောင်မည်

Photo: ဘဏ် အီလက်ထရွန်နစ် စာရင်းရှင်းစနစ် ဗဟိုဘဏ် ဖော်ဆောင်မည်

ဇူလိုင်လ ၁၀ ရက် ၂၀၁၃

ပမာဏ များပြားသည့် ငွေစာရင်း အချက်အလက်များကို ဘဏ်များအကြား အချိန်နှင့် တစ်ပြေးညီ စာရင်း ရှင်းလင်းပေးနိုင်သည့် အီလက်ထရွန်နစ် စနစ်များ အသုံးပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်က ပြောကြားသည်။

ယင်းစနစ်မှာ အလိုအလျောက် စာရင်းရှင်းခြင်း (Automatic Clearing House–ACH) ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

MPU ကတ်ဖြင့် ငွေပေးချေခြင်းမှာ ငွေပမာဏ အနည်းငယ်ကိုသာ အလွယ်တကူ အသုံးပြုနိုင်သော် လည်း ငွေပမာဏ အများအပြား သုံးစွဲရန် မှာ အဆင်မပြေသဖြင့် ပြည်တွင်း ငွေပေးချေမှု စနစ်များ နိုင်ငံတကာ အဆင့်မီ လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါစနစ် အသုံးပြုပါက ဘဏ်တစ်ခုတွင် ပြုလုပ်သည့် ချက်လက်မှတ်ကို အခြား ဘဏ်များတွင် လည်း ငွေထုတ်ယူနိုင်မည့် အီလက်ထရွန်နစ် ချက်စနစ်များ အသုံးပြုလာနိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် အဆိုပါစနစ်ကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း သမဝါယမ ဘဏ်၏ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယင်းစနစ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဦးဆောင်ပြီး နိုင်ငံပိုင် ဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များ ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ဘဏ်များအကြား ငွေစာရင်း ရှင်းလင်းမည် ဆိုပါက ဗဟိုဘဏ် သို့ စာရင်းအင်း အချက်အလက်များ သွားရောက် ပေးပို့ရခြင်း၊ ပြန်လည် ရယူခြင်းများ ပြုလုပ်ရသဖြင့် လုပ်ငန်းများ မြန်ဆန်မှု နည်းပါးပြီး အဆိုပါ အီလက်ထရွန်နစ် စာရင်းရှင်းစနစ် အသုံးပြုပါက စာရင်း ရှင်းလင်းမှုများကို ကွန်ပျူတာများ အသုံးပြု၍ စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

“ဒီစနစ်လုပ်ဖို့ ပထမ အဆင့်အနေနဲ့ ဗဟိုဘဏ်က Database (သတင်း အချက်အလက် ဗဟို) တွေ အရင် လုပ်ရဦးမယ်” ဟု ၎င်းက ပြောကြားသည်။

ပြည်တွင်း၌ ATM ကတ် ဝန်ဆောင်မှုပေးသည့် ဘဏ် ခုနစ်ခု၏ အလိုအလျောက် ငွေထုတ်စက် (ATM) ၂၆၃ ခု စတင် အသုံးနိုင်သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ATM ကတ် အသုံးပြုသူ ၁၅၅,၄၃၂ ဦး ရှိပြီး အဆိုပါ ATM ကတ်များဖြင့် POS (ငွေထုတ်ယူရန် မလိုဘဲ ကတ်မှ ငွေကို နုတ်ယူပေးချေနိုင်သည့်စက်) စက်တွင် အသုံးပြုနိုင် သည့် နေရာ အရေအတွက်မှာ စုစုပေါင်း ၄၈၈ ခုရှိကာ ရန်ကုန်မြို့တွင် ၃၇၁ နေရာနှင့် အခြား မြို့များ၌ ၁၁၇ နေရာတွင် အသုံးပြုနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဘဏ်များအကြား ဗဟိုဘဏ် ချက်စာရင်း ရှင်းလင်းခြင်းကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်သာ လုပ်ဆောင်နိုင်သည်။

The Voice Weekly 

from The Voice Weekly

No comments:

Post a Comment