ဖင်လန်နိုင်ငံမှ Nokia Siemens Networks ရုံးချုပ်ကို တွေ့ရစဉ်
တယ်လီ ကွန်မြူနီကေးရှင်း ကုမ္ပဏီ ဖြစ်သည့် ဖင်လန်နိုင်ငံ အခြေစိုက် Nokia နှင့် ဂျာမနီအခြေစိုက် Siemens Communications တို့ ပူးပေါင်းဖွဲ့စည်းထားသည့် Nokia Siemens Networks လုပ်ငန်းသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စတင် ၀င်ရောက်လာကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် Nokia Siemens Networks Myanmar Ltd ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၉ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Ooredoo တို့ကို ဇွန်လကုန်ပိုင်းက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။
Nokia Siemens Networks ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Telecommunications Equipment လုပ်ငန်းများကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ရုံးဖွင့်လှစ်သွားမည် ဖြစ်သည်။
Nokia Siemens Networks ကုမ္ပဏီ ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဖင်လန်နိုင်ငံတွင် အခြေစိုက်ထားသည်။ Mobile Broadband၊ Consultancy and Managed Service နှင့် Multimedia Technology လုပ်ငန်းများကို အဓိကလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
Nokia သည် ကမ္ဘာ့ဒုတိယ အကြီးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး မိုဘိုင်းဖုန်း၊ စမတ်ဖုန်း၊ မိုဘိုင်းကွန်ပျူတာနှင့် ကွန်ရက်ဆက်သွယ်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ Siemens Communications ကုမ္ပဏီသည် Siemens AG အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကြေးနန်းနှင့် တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကွန်ရက် တည်ထောင်ခြင်း လုပ်ငန်းကို အဓိက လုပ်ကိုင်ကြောင်း သိရသည်။
from Eleven
No comments:
Post a Comment