အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်တွင်း အဆိုများ၊ ဥပဒေကြမ်းများကို
မဲခွဲဆုံးဖြတ်သည့် အခါများ၌ ပါတီမှ ဗဟိုချုပ်ကိုင်မှု မရှိဘဲ မိမိဆန္ဒအတိုင်း
မဲပေးပိုင်ခွင့် ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုပါသည်။
လွှတ်တော်တွင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အတိုက်အခံပါတီများ တင်သွင်းသော
ဥပဒေကြမ်းများ၊ အဆိုများ အတည်ပြုရန် မတ်တတ်ရပ် နည်းလမ်းဖြင့် ဆန္ဒမဲ ရယူရာတွင်
ဒီချုပ်ကိုယ်စားလှယ်များ အနေဖြင့် ထိုင်နေသည်ကသာ များသောကြောင့် အတိုက်အခံပုံစံ
မရှိဟု ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ကိုယ်စားလှယ်များက
ထိုသို့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အဆိုများ၊ မေးခွန်းများကိုလည်း
မိမိဆန္ဒအလျောက် တင်သွင်းခြင်း၊ မေးမြန်းခြင်းများလည်း ပြုလုပ်နိုင်ကြောင်း
လွှတ်တော်ကိုယ်စားလှယ်များက ဆိုပါသည်။
"တင်သွင်းလာတဲ့ ဥပဒေကြမ်းတွေ၊
အဆိုတွေကို ကိုယ့်ဆန္ဒအတိုင်း မဲပေးပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့
အဆိုတွေ ဥပဒေကြမ်းတွေဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ထင်ရင်
ထောက်ခံပါတယ်။ ဒီနေရာမှာ တစ်ခုကတော့ ပါတီရဲ့ အဓိက မူဝါဒဖြစ်တဲ့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို မထိခိုက်ရင်
မိမိဆန္ဒအတိုင်း ဆောင်ရွက်ခွင့် ရှိပါတယ်။ ဒီမိုကရက်တစ် အခွင့်အရေး ပေးထားတယ်"
ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။
လွှတ်တော်တွင်း၌ အဆိုများ
ဥပဒေကြမ်းများ မဲခွဲဆုံးဖြတ်ရာတွင် အဆိုရှင်၊ ပြည်ထောင်စုဝန်ကြီး သို့မဟုတ်
ရှေ့နေချုပ်ရုံး သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့၏ ရှင်းလင်းပြောဆို
ချက်များအပေါ် မူတည်၍ ထောက်ခံကန့်ကွက်ခြင်းသာ ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်၍
မရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
|
တင်သွင်းလာတဲ့ ဥပဒေကြမ်းတွေ၊
အဆိုတွေကို ကိုယ့်ဆန္ဒအတိုင်း မဲပေးပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့
အဆိုတွေ ဥပဒေကြမ်းတွေဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ထင်ရင်
ထောက်ခံပါတယ်။ ဒီနေရာမှာ တစ်ခုကတော့ ပါတီရဲ့ အဓိက မူဝါဒဖြစ်တဲ့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို မထိခိုက်ရင်
မိမိဆန္ဒအတိုင်း ဆောင်ရွက်ခွင့် ရှိပါတယ် . . . . .
|
မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက "မဲပေးပိုင်ခွင့်ကို
စိတ်တိုင်းကျပေးခွင့် ရှိပါတယ်။ အဓိက လွှတ်တော်ထဲမှာ ဖြစ်နေတာ အဲဒါမဟုတ်ဘူး။
ကိုယ်စားလှယ် အများစုက ဥပဒေပညာရှင်တွေ မဟုတ်ကြတော့ ဥပဒေတွေကို သေချာမသိတာ များတယ်။
တင်သွင်းတဲ့ ဥပဒေကြမ်းတွေကို တင်မှသိတာ။ ကြိုတင်မသိရတော့ လေ့လာချိန်လည်း
မရှိဘူး" ဟု ပြောကြားသည်။
ထို့အပြင် လွှတ်တော်တွင်း
မဲခွဲဆုံးဖြတ်ရာတွင် မတ်တတ်ရပ် ဆန္ဒပြုသည့် နည်းလမ်းသည်လည်း ကိုယ်စားလှယ်များ၏
ဆန္ဒအမှန်ကို မရရှိနိုင်သည့်အပြင် ရေတွက်ရာတွင်လည်း အခက်အခဲရှိကြောင်း ဒီချုပ်ကိုယ်စားလှယ်များက
ပြောကြားသည်။
လွှတ်တော်တွင်းတွင် တင်သွင်းလာသည့်
အဆိုများ၊ ဥပဒေကြမ်းများအပေါ် အတိုက်အခံ အနေဖြင့် အလုံးစုံ ပြုလုပ်ဆောင်ရွက် နေစရာ
မလိုဘဲ ဥပဒေကြောင်းအရ ထောက်ခံမည်၊ ကန့်ကွက်မည်ကို ဆုံးဖြတ်ချက်
ချခြင်းဖြစ်ကြောင်း၊ အတိုက်အခံပုံစံ မရှိဟု ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်များအား
ထင်မြင်ယူဆ နေကြခြင်းမှာ နားလည်မှု လွဲခြင်းသာဖြစ်ကြောင်းလည်း ကိုယ်စားလှယ်များက
ပြောကြားသည်။
သို့ရာတွင် ဒီချုပ်လွှတ်တော်
ကိုယ်စားလှယ်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ လွှတ်တော်တွင်း
လုပ်ဆောင်ချက်များသည် နည်းပါးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မှီခိုမှု
များပြားနေကြောင်း အခြားသော အတိုက်အခံ ပါတီအချို့နှင့် ပြည်သူများက ဝေဖန်မှုများ
ရှိနေကြသည်။
ဇူလိုင် ၄ ရက်က ပြုလုပ်သော
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သတင်းမီဒီယာများက ကန့်ကွက်ထားသော
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က
အတည်ပြု ရာတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ
အနေဖြင့် ကန့်ကွက်ခဲ့ခြင်း မရှိပေ။
အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းများ
အတည်ပြုရာ၌ သဘောတူ၊ မတူ ဖြေကြားရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင် ၂ ရက်က ပြုလုပ်သည့်
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သတိပေး ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင်
တီဗီမှတ်တမ်း ရှိသည့်အတွက် မည်သည့်လွှတ်တော် ကိုယ်စားလှယ် ဖြေသည်၊ မဖြေသည်ကို
ကြည့်ရှုနိုင်ကြောင်း၊ အကြိမ်ကြိမ် သတိပေးမှု လုပ်ခဲ့ကြောင်းနှင့် သဘောတူ၊ မတူ
ဖြေဆိုပါက အားလုံးဖြေရန် လိုကြောင်းလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
ပြောကြားခဲ့ကြောင်း သိရသည်။
from EMG
No comments:
Post a Comment