Wednesday, July 31, 2013

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပဆက်သွယ်ရေးမှ အင်ဂျင်နီယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ပြည်ပ ဆက်သွယ်ရေးရုံးမှ လက်ထောက် အင်ဂျင်နီယာအဖွဲ့တို့ ပူးပေါင်း ပြင်ဆင်ခဲ့ရာ ဇူလိုင် ၃ဝ ရက် ညနေ ၅ နာရီမှ စတင်ကာ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်ခဲ့ပြီ ဖြစ်သည်။ ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့အနီးတွင် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းနှင့် ဆက်သွယ်ထားသော ကုန်းတွင်းပိုင်း ဆက်ကြောင်း ပြတ်တောက်နေမှုကို အဆိုပါ အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းကာ ရှစ်ရက်ခန့်ကြာမျှ ကြိုးစားပြင်ဆင်ခဲ့ ကြခြင်းဖြစ်သည်။ ထိုသို့ပြင်ဆင်ရာတွင် ဖျာပုံမြို့နယ် ကုလားထိပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ Beach Man Hole ရှိ Joint ကိုဖွင့်ပြီး ပင်လယ်ရေအောက် ကေဘယ်နှင့် ကုန်းတွင်းပိုင်း မြေအောက် ကေဘယ်ကြိုး Joint အဆက်ကို ပြန်လည် ဆက်သွယ်နိုင်ခဲ့ရာမှ ဇူလိုင် ၃ဝ ရက် ညနေ ၅ နာရီတွင် အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်သွားခြင်း ဖြစ်သည်။ အင်တာနက် ကေဘယ်ဆက်ကြောင်း ချွတ်ယွင်းသွားမှုမှာ ဖျာပုံမြို့နှင့် နှစ်မိုင် တစ်ဖာလုံနှင့် နှစ်မိုင် ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း မြေအောက်မြှုပ် ထားသော ပါဝါကေဘယ်ကြိုး ပေါက်ပြီး ပါဝါယိုစိမ့်မှု ဖြစ်ပေါ်နေခြင်းကို ပါဝါကေဘယ်ကြိုး အရှည်မီတာ ၅ဝဝ ဖြင့် အစားထိုး ပြုပြင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
from မြန်မာ့အလင်း

No comments:

Post a Comment