Friday, April 25, 2014

ဖခင်အတွက် အလုပ်ရှာပေးရန် သမ္မတကတော်ကို အကူအညီတောင်းခဲ့သည့် ကလေးမလေး

ချာလော့တီဘဲလ်အနေဖြင့် သူမ၏ဖခင် အလုပ်လက်မဲ့ဖြစ်နေပြီး စိတ်လက်မရွှင်လန်းသည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့်လည်း သူမအနေဖြင့် ဖခင်ကို ကူညီပေးနိုင်မည့်သူတစ်ဦးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ ချာလော့တီ အနေဖြင့် သူမစိတ်ကူးထားသူကိုလည်း အမှန်တကယ် တွေ့ဆုံခွင့်ရခဲ့ပြီး လက်တွေ့လည်း အကူအညီတောင်းခံခဲ့သည်။ ၁၀ နှစ်သမီးလေးသည် ဖခင်၏ အလုပ်လျှောက်လွှာ
ကိုကိုင်ဆောင်ကာ အမေရိကန်သမ္မတကတော် မစ်ချယ်လ်အိုဘားမား၏ လက်ထဲသို့ ထည့်ပေးခဲ့လေသည် အိမ်ဖြူတော် တွင် ပြုလုပ်သည့် သားသမီးများကို အလုပ်ခွင်သို့ ခေါ်ယူလာရေးနေ့ အခမ်းအနားတွင် ချာလော့တီသည် မစ်ချယ်လ်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ငယ်ငယ် ရွယ်ရွယ် ကလေးမလေးသည် ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ကျင်းပသော အခမ်းအနား၌ သူမ၏ဖခင်အတွက် အခွင့်အရေးကို မရွံ့မရဲဖြင့် ရှာဖွေခဲ့ခြင်း ဖြစ်သည်။ အမေးအဖြေကဏ္ဍအတွက် မစ်ချယ်လ်က ကလေးငယ်များကို ခွင့်ပြုချက် ပေးခဲ့သည့်အခါ ချာလော့တီက မေးခွန်းမမေးဘဲ သူမ၏ဖခင်အတွက် အကူအညီ တောင်းခံခဲ့ခြင်းဟု သိရသည်။ “သမီးဖေဖေက အလုပ်မလုပ်ရတာ ၃ နှစ်လောက် ရှိပါပြီ။ သမီးက သူ့အလုပ်လျှောက်လွှာကို ဒေါ်ဒေါ့်ဆီပေးချင်တယ်” ဟု ချာလော့တီ
က ဆိုသည်။ မစ်ချယ်လ်သည် ကလေးမလေး၏ အပြုအမူကြောင့် အတန်ငယ် ထိခိုက်ခံစား သွားရဟန်ရှိသည်။ “ဘုရားရေ” ဟုရေရွတ်ပြီး သမ္မတ ဘာရတ်အိုဘားမား၏ ဇနီး ဖြစ်သူက ချာလော့တီကို ယုယကြင်နာစွာ ပွေ့ဖက်ခဲ့သည်။ ထို့နောက် သူမက
“ကောင်းပြီ။ ဒါက နည်းနည်းတော့ ကိုယ်ရေးကိုယ်တာ ဆန်နေတယ်။ ဒါပေမဲ့ ဒီ ကလေးမလေး သူ့ဖေဖေအတွက် သူတစ်ခုခု လုပ်ပေးခဲ့တယ် မဟုတ်လား” ဟု မစ်ချယ်လ်က လျှောက်လွှာကို ပရိသတ်များဘက် ဝှေ့ယမ်းပြရင်း ပြောကြားခဲ့သည်။

ထို့နောက် သူမက လျှောက်လွှာကို လက်ခံယူထားမည်ဖြစ်ကြောင်း ချာလော့တီအား ကတိပြုခဲ့သည်။ ထို့အပြင် အခြားသော ကလေးငယ်များကိုလည်း မိမိတို့၏ ဖခင်များကို ချာလော့တီကဲ့သို့ အကူအညီပေးကြရန် တိုက်တွန်းခဲ့သေးသည်။ သမ္မတ ကတော်သည် အစီအစဉ်အပြီးတွင် ချာလော့တီပေးလိုက်သည့် လျှောက်လွှာကို အလေးထား ယူဆောင်သွားကြောင်းလည်း သိရသည်။
ချာလော့တီ၏ မိခင်က သူမသည် စီမံရေးရာဝန်ထမ်းတစ်ဦးဖြစ်ပြီး ခင်ပွန်းမှာမူ ၂၀၁၂ ခုနှစ်က အိုဘားမား၏ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ပေးခဲ့ပြီး နောက်ပိုင်း အလုပ်လက်မဲ့ဖြစ်နေကြောင်း AP သို့ပြောကြားခဲ့သည်။ အမည် ဖော်ပြရန်ငြင်းဆိုသော အဆိုပါအမျိုးသမီးက “ကျွန်မရဲ့ခင်ပွန်းက ၂၀၁၂ ခုနှစ်၊ရွေးကောက်ပွဲ လှုပ်ရှားမဲဆွယ်မှုတွေ ပြီးကတည်းက အလုပ်ရှာမရဘဲဖြစ်နေခဲ့တာပါ။ အဲဒီကတည်းက သူက နိုင်ငံရေးအလုပ်တစ်ခုခုရချင်လို့ လိုက်ရှာနေခဲ့ပါတယ်” ဟု ဖွင့်ဟခဲ့သည်။

ချာလော့တီတို့ မိသားစုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အလုပ်ရှာရန် အတွက် သမ္မတကတော်ကို အကူအညီတောင်းလျှင် ကောင်းလိမ့်မည်ဟု အရွှမ်းဖောက် ပြောဆိုဖြစ်ခဲ့ကြောင်း သိရသည်။ “အဲဒီတုန်းက ကျွန်မတို့ ပြောဖြစ်ခဲ့ကြ တာ အမှန်ပါပဲ။ ဒါပေမဲ့ သမီးလေးက တကယ်အတည်ပေါက်ကြီး ကြိုးစားကြည့်လိမ့်မယ်လို့တော့ လုံးဝမထင်ခဲ့မိဘူး” ဟု သူမကဝန်ခံသွားခဲ့သည်။

Planet

No comments:

Post a Comment