Tuesday, December 31, 2013

ဆလုံလူမျိုးတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် ဥာဏ်ရည်များကို ဂျပန်တက္ကသိုလ်မှ လာရောက်သုတေသနပြုလုပ်

မြိတ်ကျွန်းစုအတွင်းရှိ ဆလုံလူမျိုးတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် ဥာဏ်ရည်အနေအထားများကို ဂျပန်တက္ကသိုလ်တစ်ခုမှ ခုနစ်ရက်ကြာ လာရောက်သုတေသန ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Otsuma woman University Tokyo မှ Dr. SEJI OHAWA နှင့် Dr.ATSUMO SHIMODU ပါဝင်သောအဖွဲ့မှာ မြိတ်ကျွန်းစုအတွင်းရှိ ဒုံးညောင်မှိုင်း၊ ဒုံးပုလဲအော်၊ ပလောဝမ်း စသည့်ကျေးရွာများမှ ဆလုံလူမျိုးများကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဆလုံလူမျိုးတွေ အများဆုံးရှိတဲ့ အဲဒီသုံးရွာမှာ သုတေသနပြုလုပ်တာ ဖြစ်ပါတယ်။ တခြားရွာတွေလည်း သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဆလုံလူမျိုးတွေရဲ့ ကျန်းမာရေး အနေအထားတွေ၊ ပညာရေးနှင့် ဥာဏ်ရည်အနေအထားတွေ သုတေသနပြုလုပ်တာ ဖြစ်ပါတယ်။ ဆလုံလူငယ် ၄၀၀ ကျော်လောက်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်” ဟု သုတေသနအဖွဲ့နှင့် လိုက်ပါဆောင်ရွက်ပေးခဲ့သူ ဆလုံလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီး ဦးတင်စိုးက ပြောကြားခဲ့သည်။
ကျွန်းစုမြို့နယ် အတွင်းရှိ ဒုံးညောင်းမှိုင်ရွာတွင် ၆၈ ဦး၊ ဒုံးပုလဲအော်ရွာတွင် ၂၇၂ ဦး၊ ပလောဝမ်းကျေးရွာတွင် ၇၀ တို့ကို သုတေသန ပြုလုပ်ခဲ့ကြောင်း သိရသည်။ “ဆလုံလူမျိုးတွေကို ဒီလိုလေ့လာခဲ့ရာမှာ တွေ့ရှိချက်တွေကတော့ ဥာဏ်ရည်ဥာဏ်သွေးပိုင်းတွေက တခြားလူမျိုးတွေနဲ့ အတူတူပါပဲ။ ကုန်းပေါ်က လုပ်ဆောင်ချက်တွေမှာလည်း တန်းတူလုပ်နိုင်ပါတယ်။ ရေထဲမှာ လုပ်ဆောင်ချက်တွေကတော့ သူတို့က ရေပျော်တွေ ဖြစ်တဲ့အတွက် အများကြီး သာပါတယ်။ ဂျပန်တက္ကသိုလ်ကတော့ သူတို့တွေ့ရှိချက် ရလဒ်တွေကို တိုင်းဒေသကြီး အစိုးရကို ပြန်လည်ပေးပို့သွားမှာဖြစ်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာပါ” ဟု တိုင်းဒေသကြီးဝန်ကြီး ဦးတင်စိုးက ပြောကြားခဲ့သည်။

ဆလုံတိုင်းရင်းသားများမှာ ပညာရေးပိုင်းတွင် အားနည်းမှုနှင့် ရိုးသားကြောက်ရွံ့မှုများကြောင့် စီးပွားရေးသမား တချို့၏ အမြတ်ထုတ်မှု ခံနေရပြီး ပညာရေးပိုင်းနှင့် ဗဟုသုတများ တိုးပွားဖို့ ဆောင်ရွက်ပေးရန်လိုကြောင်း သိရသည်။
from EMG

No comments:

Post a Comment