Tuesday, December 31, 2013

စီးပွားရေးကြပ်တည်းမှုကြောင့် KIA တောင်းသော ဆက်ကြေးငွေအား UNDP ထောက်ပံ့သော ကျေးရွာရန် ပုံငွေမှ ပေးဆောင်ခဲ့ရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီကော်ကျေးရွာနှင့် ဟင်္သာကျေးရွာတို့တွင် ၂၀၁၃ ခုနှစ်အတွက် KIA မှ တောင်းထားသော ဆက်ကြေးငွေများဟာ စီးပွားရေးကြပ်တည်းမှုကြောင့် UNDP မှ ထောက်ပံ့ပေးထားသော ကျေးရွာရန်ပုံငွေထဲမှ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပေးဆောင်လိုက်ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

``စီကော်ရွာမှာ အိမ်ခြေ(၁၈၀)ရှိပါတယ်။ KIA အဖွဲ့ကတောင်းတဲ့ ၂၀၁၃ ခုနှစ်အတွက် တစ်နှစ်စာဆက်ကြေး ၈ သိန်းခွဲ ပေးရပါတယ်။ နှင်းအီကျေးရွာနေ ဦးမုန်တိုင်းကနေတစ်ဆင့် KIA တပ်မဟာ(၅) ရင်း(၂၄)ကို သွင်းရတာ ပါ´´ ဟု စီကော်ကျေးရွာသားတစ်ဦးက ပြောပြသည်။
``ဟင်္သာကျေးရွာက ငွေ ၆ သိန်းခွဲပေးရပါတယ်။ ရွာသားတွေကို ကောက်တော့လည်း စီးပွားရေးအဆင်မပြေ တဲ့သူက များနေလို့ ကျေးရွာရန်ပုံငွေထဲကပဲ စိုက်ပေးလိုက်ရပါတယ်´´ ဟု ဟင်္သာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ ၀င်တစ်ဦးက ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ(၅)၊ တပ်ရင်း(၂၄)မှ ဗိုလ် ဇော်တောင် ဦးစီးအဖွဲ့သည် ၂၀၁၃ ခုနှစ် မိုးဦးကာလက စီကော်နှင့် ဟင်္သာကျေးရွာများမှ ဆက်ကြေးငွေ(၁၈၀၀၀၀ိ/-)ကျပ် တောင်းခဲ့ကြောင်း နှင့် ယခုပေးဆောင်ရသော ဆက်ကြေးငွေ စုစုပေါင်း(၁၅)သိန်းအား ငွေကြေးပြေလည်မှုမရှိသဖြင့် UNDP မှ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးထားသည့် ကျေးရွာရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကျော်မှ စိုက်ထည့်ပေး လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

``တိုက်ပွဲတွေဖြစ်တုန်းကလည်း ဆက်ကြေးရော လူသစ်ပါပေးရတယ်။ အခုတိုက်ပွဲတွေ မရှိတော့ပေမယ့် KIA က ဆက်ကြေးတောင်းတုန်းပဲ၊ ရွာသားတွေက စီးပွားရေး အဆင်ပြေတာ မဟုတ်ဘူး၊ မိုင်းတွေကိုလည်း ကြောက်ရသေးတယ်၊ လယ်ယာတွေကိုလည်း ကောင်းကောင်း မလုပ်ရဘူး၊ ကိုယ့်အိမ်ကိုယ့်ရွာကို မစွန့်နိုင်လို့ နေနေကြပေမယ့် KIA ရဲ့ ကျွန်တော်တို့အပေါ် အနိုင်ကျင့် ဆက်ကြေးတောင်းမှုတွေကို သက်ဆိုင်ရာတာဝန်ရှိ လူကြီးတွေ သိစေချင်ပါတယ်။ ပြီးတော့ ထိရောက်တဲ့ ကာကွယ်မှုတွေ လုပ်ပေးဖို့ မျှော်လင့်ပါတယ်´´ ဟု စီကော်ရွာသား အိုက်ဖုန်းက ပြောပြသွားသည်။

KIA အဖွဲ့မှ တစ်နှစ်စာ ဆက်ကြေးကောက်ခံသော ကျေးရွာများမှာ စီကော်နှင့် ဟင်္သာကျေးရွာများသာမကဘဲ တာပိန်၊ မိုးလဲချောင်းတစ်လျှောက်ရှိ ကျေးရွာများအားလုံး ပါဝင်ကြောင်း ယင်းဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
from Kachin Daily News

No comments:

Post a Comment