Tuesday, December 31, 2013

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲများအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးများအား ၂၀၁၄ ခုနှစ်ဇန်န၀ါရီ၂ရက်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နေပြည်တော် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးခွဲတာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲများတွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများကုန်ကျမည့် ငွေစာရင်းမှာ မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်တန်ဖိုး) နှင့် online ၀န်ဆောင်ခ ကျပ် ၂၀၀၀၀၊ ဓာတ်ပုံဖိုး ကျပ်
၂၀၀၀၊ ဆေးဖိုးမင်ဖိုးနှင့် ပြုပြင်ထိန်းသိမ်းခ ကျပ် ၁၀၀၀၊ လျှောက်လွှာပုံစံဖိုး ကျပ် ၂၀၀ နှင့် စက်ပစ္စည်းနှင့် ၀န်ဆောင်ခ ကျပ် ၁၈၀၀ စုစုပေါင်း ကျပ် ၂၅၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားရုံးခွဲ တာဝန်ခံ ရဲအုပ်အောင်မင်းထွေးက “ကျွန်တော်တို့ ပြည်နယ်နှင့်တိုင်းဒေသကြီးမှာ ယခင်က ၁၇ ခုရှိတယ်။ နေပြည်တော်ပေါင်းရင် ၁၈ ခုဖြစ်တယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာက နိုင်ငံကူးလက်မှတ်လုပ်ပေးတဲ့ ရုံးတွေရှိနေတော့ အခုပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးခွဲတွေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှာ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမှာပါ။ ဒီလိုရုံးခွဲတွေ ဖွင့်ပေးခြင်းအားဖြင့် ဒေသခံတွေအတွက် အရင်လို ရန်ကုန်ကို သွားလုပ်စရာ မလိုတော့ဘဲ ကိုယ့်ဒေသမှာတင် နိုင်ငံကူးလက်မှတ် အလွယ်တကူ ပြုလုပ်လို့ ရသွားပါပြီ” ဟုပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးသည့် ရုံးခွဲများတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် မှတ်ပုံတင်မူရင်းနှင့် သန်းခေါင်စာရင်းမူရင်းပြသပြီး ပြုလုပ်နိုင်ကြောင်း၊ နိုင်ငံကူးလက်မှတ် ပြုလုပ်သူသည် မြန်မာ့စီးပွားရေးဘဏ်သို့ (မနလစာအုပ်တန်ဖိုး)နှင့် online ၀န်ဆောင်ခ ကျပ် ၂၀၀၀၀ အား ကိုယ်တိုင်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ပျဉ်းမနားမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမည့်ရုံးခွဲသည် ရန်အောင် (၂)ရပ်ကွက်၊ ပျဉ်းမနား ရဲစခန်းဝင်း၊ ရှမ်းကန်အနီးရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
from EMG

No comments:

Post a Comment