Friday, December 6, 2013

မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့(၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ (၂၀၁၄- ၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်သည် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲကို ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတမှု ရှိစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်တွင် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) နှစ်ပတ်လည် အစည်းအဝေးနှင့်အတူ မြန်မာနိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပသွားမည် ဖြစ်သည်။

ရွေးချယ်တင်မြှောက်ပွဲတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ရာသက်ပန် အသင်းဝင်ဖြစ်သူ၊ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းကမ်းများ တိကျစွာ လိုက်နာနိုင်သူ၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်၏ ကြီးကြပ်စီမံခန့်ခွဲမှုကို လိုက်နာဆောင်ရွက်နိုင်သူ၊ မိမိကိုယ်တိုင် (ဆရာဝန်မှတ်ပုံတင်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားတို့ကို တစ်ပါတည်း ယူဆောင်၍) လာရောက် ဆန္ဒပြုနိုင် သူများသည် ဆန္ဒမဲပေး ပိုင်ခွင့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံမည့် သူများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသား၊ မြန်မာနိုင်ငံ ဆေးကောင်စီ အသိအမှတ်ပြု ဆေးပညာဘွဲ့နှင့် သက်တမ်းရှိ ဆမမှတ်ပုံတင် လက်ဝယ်ရှိသူ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ရာသက်ပန် အသင်းဝင်၊ နိုင်ငံရေးပါတီ တစ်ခုခုတွင် အလုပ်အမှုဆောင် အဖွဲ့ဝင်ထားခြင်း မရှိသူ၊ ဆေးလောက၏ ကျင့်ဝတ်သိက္ခာ စည်းကမ်းများကို လေးစားလိုက်နာ ယုံကြည်သက်ဝင်သူ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာသူ၊ အသင်းမှပေးအပ်သော တာဝန်ကို မိမိဆန္ဒသဘောဖြင့် လက်ခံပြီး ကိုယ်ကျိုးမဖက် တာဝန်ကျေပွန်နိုင်သူ စသည့် အချက်အလက်များနှင့် ပြည့်စုံရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ရုံးပိတ်ရက်များ အပါအ၀င် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရန် ဆန္ဒပြုလွှာ ပုံစံနှင့် ကိုယ်ရေးမှတ်တမ်း ပုံစံများကို လာရောက် ထုတ်ယူနိုင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက် နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း အလုပ်အမှုဆောင် အဖွဲ့သစ် ရွေးချယ်ခြင်းကို အသင်း၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ညီလာခံတွင် ရွေးချယ်လေ့ရှိကြောင်း၊ ယင်းညီလာခံကို ပုံမှန်တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိပြီး နှစ်နှစ်ပြည့်တိုင်း အလုပ်အမှုဆောင် အဖွဲ့သစ်ကို ရွေးချယ်တင်မြှောက်လေ့ ရှိကြောင်းနှင့် ယင်းညီလာခံသည် အသင်း၏ ကိစ္စအရပ်ရပ် အတွက် တာဝန်အရှိဆုံး အမြင့်ဆုံး ဖြစ်ကြောင်း အသင်းဝင် ဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။
၁၉၄၉ ခုနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သူ ၂၉ ဦးအထိရှိပြီး အများစုမှာ သက်တမ်း တစ်နှစ်မှ သုံးနှစ်အထိ ကြာမြင့်လေ့ ရှိကြောင်းနှင့် လက်ရှိအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသူမှာ ပါမောက္ခ ဒေါက်တာ ကျော်မြင့်နိုင်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ လက်ရှိအချိန်အထိ လုပ်ကိုင်လျက်ရှိသည်။
from  EMG

No comments:

Post a Comment