Friday, December 6, 2013

အလုပ်သမားတစ်ဦး၏ ၀င်ငွေ၊ ကုန်ကျစရိတ်တို့ကို တစ်နိုင်ငံလုံး အတိုင်းအတာ စစ်တမ်းများ ကောက်ယူ

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမားတစ်ဦး၏ ၀င်ငွေ၊ ကုန်ကျစရိတ်တို့ကို တစ်နိုင်ငံလုံး အတိုင်းအတာအရ စစ်တမ်းကောက်ယူနေကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ)မှ အမှုဆောင် တစ်ဦးဖြစ်သူ ကိုထွန်းထွန်းဦးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၀ ကျော်မှ အလုပ်သမားများ၏ တစ်နေ့တာဝင်ငွေ၊ စားဝတ်နေရေး ကုန်ကျစရိတ်၊ ကုန်ဈေးနှုန်း၊ မိသားစု အခြေအနေတို့ကို စစ်တမ်းကောက်ယူပြီး ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးရှိ အလုပ်သမားများ၏ အခြေအနေကို စစ်တမ်းကောက်ယူ နေဆဲဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ကောက်ယူထားသည့် စစ်တမ်းကို အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ထည့်သွင်းတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။


''ကျွန်တော်တို့ အဖွဲ့ချုပ်ထဲမှာပါတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို သက်ဆိုင်ရာဒေသ အသီးသီးအလိုက် စစ်တမ်းကောက်ယူဖို့ အကြောင်းကြားထားတယ်။ ကျွန်တော်တို့ လက်လှမ်းမီသလောက် တစ်နိုင်ငံလုံး အတိုင်းအတာအရ စစ်တမ်းကောက်ယူ သွားမှာဖြစ်တယ်'' ဟု ကိုထွန်းထွန်းဦးက ပြောကြားသည်။

''အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်တဲ့ အခါမှာ စံချိန်စံနှုန်းက ဘယ်လိုရှိတယ် ဆိုတာကို အလုပ်သမား ၀န်ကြီးဌာနကို တင်ပြမယ်။ နောက်အလုပ်သမားတွေရဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေတွေ၊ နောက်အလုပ်ရှင်တွေဘက်က အခြေအနေတွေကို ထည့်သွင်းတင်ပြသွားမယ်။ နောက်စစ်တမ်းကိုလည်း ဒီလအတွင်းမှာပဲ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်သွားမယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(ယာယီ) အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ ကျော်မှ အလုပ်သမားများအား စစ်တမ်းကောက်ယူရာတွင် အလုပ်သမား တစ်ဦး၏ အခြေခံ စားဝတ်နေရေး ကုန်ကျစရိတ်မှာ တစ်လလျှင် ပျမ်းမျှ ၁၉၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး ယင်းတို့၏ လက်ရှိဝင်ငွေနဲ့ များစွာ ကွာခြားမှုရှိကာ စားဝတ်နေရေး လောက်ငမှု မရှိကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေအရ တစ်နိုင်ငံလုံးရှိ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် အလုပ်သမား ၀န်ကြီးဌာန၏ ဆောင်ရွက်မှုများမှာ အားနည်းနေကြောင်း၊ အနိမ့်ဆုံးလုပ်ခလစာ မထွက်ရှိမီ ကာလအတွင်း လစာနှုန်းထား တစ်ခုအား ယာယီသတ်မှတ် ပေးစေလိုကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။

from EMG

No comments:

Post a Comment