Friday, December 6, 2013

တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ် မည်ဟု သမ္မတရုံး ၀န်ကြီးဦးအောင်မင်းပြော

တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာ ပြန်အပ် မည်ဟု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ေ ဆာင်မှု ကော်မတီ ဒုဥက္ကဋ္ဌ၊ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ (၃၀)ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်သော ““တည်ငြိမ် အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ””ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

““တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခဖြစ်လာခဲ့တာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပါပြီ။ ဒါတွေကို လည်း ခေတ်အ ဆက်ဆက် အစိုးရတွေက ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ကုစားခဲ့ပါတယ်။ ပြီးခဲ့သော သမိုင်း သင် ခန်းစာတွေ ထဲက သင်ခန်းစာ ထုတ်ယူပြီး ထာဝရငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်သွားမှာပါ။ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် (၁၆)ဖွဲ့ ရှိသည့်အနက် (၁၄)ဖွဲ့နဲ့ အပစ်အခက် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးပါပြီ။ နောက်နှစ်ဖွဲ့ဖြစ်တဲ့ ကချင်အဖွဲ့၊ ပလောင်အဖွဲ့ တွေနဲ့လည်း ညှိနှိုင်း ဆွေးနွေး မှုတွေ ပြုလုပ်နေတယ်””ဟု ၀န်ကြီးဦးအောင်မင်း က ပြောကြား ခဲ့ခြင်းဖြစ်သည်။
 နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေ ဘာကိုတောင်း ဆိုမှာလဲဆိုတာကို ကြိုတင်တွက် ထားပြီးသားပါ။ တိုင်းရင်းသားတွေ ကိုယ့်ပြည်နယ်ကို ပြန်အုပ်ချုပ်နိုင်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိနိုင်ရေး တွေပါ။ ဒါတွေပေါင်းလိုက်ရင် ဖယ်ဒရယ် စနစ်ဆိုတာ ပေါ်လွင်လာပါတယ်။ ဖယ်ဒရယ်စနစ် သွားဖို့လည်း သမ္မတကြီး ကိုယ်တိုင် ကြေညာထားပြီး ဖြစ်ပါတယ်””ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက အဆိုပါပွဲတွင် တိုင်းရင်းသားများ တောင်းဆိုသော အချက်များကို ထည့်သွင်း ပြောကြားသွားခဲ့သည်။ …

ဝန်ကြီးဦးအောင်မင်း၏ ပြောစကားနှင့် ပတ်သက်၍ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ““လောလောဆယ်တော့ ဦးအောင်မင်းရဲ့ ပြောစကားက လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်ဘက်တော့ ရောက်နေပါတယ်။ ဒါပေမဲ့ သူပြောတဲ့သဘောက အစိုးရရဲ့ သဘောထားလည်း ဖြစ်နိုင်ပါတယ်။ နောင်လာမယ့် ဖွဲ့စည်းပုံမှာ သူ ပြောသလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဖယ်ဒရယ်စနစ် ဖော်ဆောင်ရာ၌ အာဏာခွဲဝေရေးနှင့် သယံဇာတ ခွဲဝေရေးတို့အား ဆွေးနွေးရန် သယံဇာတ ခွဲဝေရေး၌ ပြည်နယ် တစ်ခုချင်းစီမှ ထွက်ရှိသည့် သယံဇာတတွေအား ပြည်နယ်အစိုးရမှ (၁)ပုံ၊ ပြည်ထောင်စု အစိုးရမှ (၁)ပုံ ကျန်ချို့တဲ့သော ဒေသတွေကို (၁)ပုံ ခွဲဝေပေးသွားရန် အာဏာခွဲဝေရေး၌ ကချင်ပြည်နယ်အား ကချင်ပြည်နယ်သားများသာ အုပ်ချုပ်ရေး၊ ရှမ်းပြည်နယ်အား ရှမ်းပြည်နယ်သားများသာ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် အာဏာများအားလုံးကို တိုင်းရင်းသားများထံ ပြန်အပ်သွားရေးနှင့် လိုအပ်လျှင် ဥပဒေနှင့်အညီ ပြည်ထောင်စု အစိုးရမှသာ အုပ်ချုပ်မည်ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်းက အဆိုပါ မိန့်ခွန်း၌ ထည့်သွင်း ပြောကြား သွားခဲ့သည်။

““ဦးအောင်မင်း ပြောတာတွေက နောင်ဖြစ်ချင်တာတွေကို ပြောတာပါ။ ဒါပေမဲ့ သယံဇာတတွေ ကို သုံးပုံတစ်ပုံ ခွဲယူမယ်ဆိုရင်လည်း အဲလိုလွယ်လွယ်တော့ ပြောလို့မရဘူး။ ပညာရှင်တွေပါမှ သယံဇာတကိစ္စက အောင်မြင်လာမှာပါ။ ကချင်ကို ကချင်က အုပ်ချုပ ရမယ်ဆိုရင် ကချင်မှာက ရှမ်းတွေ အများကြီးပါ။ ဒီမိုကရေစီနည်း လမ်းကျဖို့တော့ လိုအပ်ပါတယ် ဟု”” ရှမ်းတိုင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေး မှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့်သို့ပြောသည်။

အဆိုပါလူထု အခြေပြု အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် အရပ်ဘက် အဖွဲ့အစည်း (၃၀)ကျော်မှ စုစုပေါင်း လူဦးရေ (၅၀၀)ကျော်ခန့် တက်ရောက်ခဲ့ သည်။

from  သံတော်ဆင့်

No comments:

Post a Comment