Tuesday, December 31, 2013

မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်းရှိ နေအိမ်ပြန်လည်ဆောက်လုပ်ရေး လုပ်ငန်းများစတင်

မတ်လအတွင်းက မီးလောင်ပျက်စီးသွားခဲ့သော မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာ နယ်မြေအတွင်းရှိ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် မြေနေရာတိုင်းတာခြင်း လုပ်ငန်းများကို ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ချမ်းအေးသာယာ နယ်မြေမှာ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်ပါပြီ။ ဒီထဲမှာ ဈေးပါမယ်။ အားကစားကွင်းတွေ ပါမယ်။ ၀န်ထမ်းတွေကိုထားမယ့် တိုက်ခန်းအဆောက်အအုံတွေ ပါပါမယ်။ အခုလမ်းမကြီး အနေအထားတွေ စတင်တိုင်းတာမှုတွေ လုပ်နေပါပြီ။ ကယ်ဆယ်ရေးစခန်းက လူတွေအားလုံး ပြန်လည်နေရာ ချထားပေးနိုင်အောင် မိုးမကျခင် ဆောက်လုပ်ရေးလုပ်ငန်းတွေ အပြီးဆောက်လုပ်ပေးမှာပါ။ ဒီအဆောက်အအုံတွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရောင်နက်ဗလီမိသားစု အလှူရှင်တွေက ပြန်လည်ဆောက်လုပ်ပေးခြင်း ဖြစ်ပါတယ်” ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးမှ ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်မတို့ကိုတော့ ဘယ်တော့အပြီးဆောက်ပေးမယ်ဆိုတာ တရားဝင် ဘာမှမကြားမိဘူး။ ဒီနေ့ ချမ်းအေးထဲမှာ အဆောက်အအုံ စဆောက်နေပြီပြောလို့ လာကြည့်တာ။ ပစ္စည်းထားဖို့ အဆောက်အအုံ ဆောက်နေတာနဲ့ မြေတိုင်းတာတော့ တွေ့ခဲ့တယ်။ စားဝတ်နေရေး အဆင်မပြေလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်ဝင်လုပ်ဖို့တော့ ပြောထားတယ်။ အခု ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းမှာနေတာ ကိုးလကျော်ပြီ” ဟု လာရောက်ကြည့်ရှုသူ တစ်ဦးက ပြောပြသည်။

မတ်လ ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၂၀၀၀ ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကာ လက်ရှိအချိန်အထိ မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် လူဦးရေ ၄၀၀၀ ခန့် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။
from EMG

No comments:

Post a Comment