Sunday, December 8, 2013

ငြိမ်းချမ်းရေးသဘောတူညီမှုများ နောက်ကွယ်၌ ပေါ်ပေါ်ထင်ထင် လူသစ်စု ဆောင်းနေသော KIA

မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးတွင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁ နာရီခန့်က စပါး ရိတ်သိမ်းနေသော ဒေသခံရွာသား (၂၁) ဦးအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အနေဖြင့် အဆိုပါ ကိစ္စအား မသိရှိပါဟု ငြင်းဆိုခဲ့ကြောင်း သတင်းမီဒီယာ အချို့တွင် ဖော်ပြချက်များအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မန်စီမြို့ပေါ်သို့ ရောက်ရှိနေသော မံဖွရွာသား စိုင်းအောင်မိန်းအား မေးမြန်းကြည့် ရာ “ လွန်ခဲ့တဲ့ လေးရက်လောက်တုန်းက စပါးရိတ်နေတဲ့ ကျွန်တော်တို့ မံဖွရွာသား အယောက်နှစ်ဆယ်ကို KIA အဖွဲ့က နေ့ခင်းကြောင်တောင် ၀င်ဖမ်းသွားတာ အမှန်ပဲလေ၊ လူသစ်စုတာပဲပေါ့ ”

“ မနေ့က ကြားတဲ့ သတင်းကတော့ ချောင်းထောက်ရွာက ဖမ်းသွားတဲ့ အောင်ဇော်ဦး အပါအ၀င် (၂၁) ယောက်ကို ဒန်ဆားချောင်းအတိုင်း KIA တပ်ရင်း (၁) ရှိတဲ့ အင်ဘာပါကို မော်တော်ယာဉ် (၁) စီးနဲ့ ခေါ်သွားပြီ လို့ကြားတယ်၊ အဲဒီကို ခေါ်သွားပြီဆိုရင်တော့ စစ်သင်တန်းတက်ခိုင်းမှာပဲ၊ ပြီးရင် KIA စစ်သားလုပ်ရမယ်၊ အခါ တိုင်းလည်း အဲဒီမှာ စစ်သင်တန်းတွေ ဖွင့်နေတာပဲလေ ” ဟု ပြောပြသည်။

ဒေသခံရွာသား (၂၁) ဦးအား လူသစ်အဖြစ်ဖမ်းဆီးသွားမှုအပေါ် KIO နှင့် KIA တို့ ပူးပေါင်းကြံစည်ကာမည်သို့ ပင်ဖုံးကွယ်ပြောဆိုနေသော်လည်း ဖမ်းဆီးခံရသော ရွာသား (၂၁) ဦး၏ အမည်စာရင်းအား စိုင်းအောင်မိန်းက အတိအကျ ပြောပြသွားခဲ့ပါသည်။

အဆိုပါရွာသား (၂၁) ဦး၏ အမည်စာရင်းမှာ မောင်အောင်ဇော်ဦး (၂၄) နှစ်၊ မောင်ရွှေ (၂၀) နှစ်၊ အောင်မြင့် (၄၀) နှစ်၊ ကျော်လင်း (၃၅) နှစ် ၊ အောင်စိန် (၁၇) နှစ်၊ အိုက်ဆိုင်း (၁၇) နှစ်၊ ဥာဏ်သိန်း (၁၇) နှစ်၊ သန်းမြင့် (၂၇) နှစ်၊ ခန်းအိုက် (၂၇) နှစ်၊ ထွန်းအောင် (၂၇) နှစ် ၊ မြင့်တင် (၁၇) နှစ်၊ မောင်စီ (၂၅) နှစ်၊ အောင်ပေါင်း (၂၅)နှစ်၊ အေးကျော် (၂၂) နှစ်၊ လှရွှေ (၅၅) နှစ်၊ ကျော်သိန်း (၃၅) နှစ်၊ ထွေးမောင် (၄၂) နှစ်၊ ဖားပေါင်း (၂၅) နှစ်၊ အိုက်ခမ်း (၄၂) နှစ်၊ ထွေးကိုကို (၂၅)နှစ်၊ တာတီး (၁၉) နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံးမှ တာဝန်ရှိသူတစ်ဦးကတော့ “KIA နဲ့ အစိုးရအဖွဲ့ဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ထားပြီး သားပါ၊ အခုလို ဒေသခံရွာသားတွေကို လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေး သဘောတူညီမှုတွေကို ချိုးဖောက်တာနဲ့ အတူတူပါပဲ၊ KIA ရဲ့ လုပ်ရပ်ကို KIO က မသိဘူးဆိုတာ လက်ခံစရာ အကြောင်းမရှိပါဘူး၊ ထိရောက်တဲ့ အဖြေတစ်ခုကိုတော့ သူတို့ ပြန်ဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ပြောပြသွားခဲ့ပါသည်။

from Kachin Daily News

No comments:

Post a Comment