Tuesday, September 10, 2013

မန္တလေးမြို့တွင် တရားမ၀င် ၀င်ရောက်နေသည့် အရက်၊ ဘီယာ စသည့်ခွင့်ပြုမှု မရှိဘဲ တင်သွင်းနေသည့် ကန့်သတ်ကုန်စည်များကို ဖမ်းဆီးလျက်ရှိ


မြန်မာနိုင်ငံအတွင်း တင်သွင်းခွင့် ပြုမထားသည့် အရက်၊ ဘီယာ စသည့်ကုန်စည်များအား မန္တလေးမြို့တွင် စတင်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံစီးပွားဝန်ကြီး ဦးအောင်ဇံက ပြောကြားသည်။...
မြန်မာနိုင်ငံတွင် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့်ကုန်စည်များအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ပြုထားပြီး အဆိုပါ ကုန်စည်များမှာလည်း သတ်မှတ်ဟိုတယ် ဧရိယာနှင့် အခွန်လွတ်ဆိုင်များတွင်သာ ရောင်းချရသော ကုန်စည်များ ဖြစ်သည်။ထိုသို့ ကန့်သတ်ချက်ဖြင့် ရောင်းချရသော အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသောကုန်စည်များမှာ ကန့်သတ်ချက်ဖြင့် ရောင်းချရသည် ဆိုသော်လည်း မြန်မာနိုင်ငံ အနှံ့အပြားရှိ ဈေးဆိုင်များ၊ စူပါမားကက်များတွင် ဈေးနှုန်းချိုသာစွာဖြင့် လွယ်ကူစွာ ၀ယ်ယူသောက်သုံးနိုင်သော အနေအထားတွင် ရှိနေကြောင်း သိရသည်။

"တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ တရားမ၀င် တင်သွင်းလာတဲ့ ကုန်စည်တွေကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ လိုက်လံဖမ်းဆီး နေတာပါ" ဟု ဦးအောင်ဇံက ပြောကြားသည်။

ထိုသို့ လိုက်လံဖမ်းဆီးမှုကြောင့် ပြည်ပမှ တင်သွင်းသည့် နိုင်ငံခြားအရက်များမှာ တစ်ပုလင်းလျှင် ကျပ် ၂၀၀၀ အထက် ဈေးနှုန်းမြင့်တက်ခဲ့ပြီး အဆက်အသွယ် ကောင်းမွန်သည့် ဆိုင်အချို့တွင်သာ ၀ယ်ယူရရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းပြီးနောက် အဆိုပါအဖွဲ့ အနေနှင့် အဖွဲ့ဖွဲ့စည်းပြီးသည့် တစ်နှစ်ခန့် ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကျပ်သန်း ၆၀၀၀ ကျော်ဖိုးအထိ တရားမ၀င် ကုန်စည်သယ်ဆောင်မှုများကို စိစစ်အရေးယူခဲ့ပြီးနောက် နိုင်ငံတွင်းသို့ စုစုပေါင်း ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၈၀ ခန့်ရှိနေသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် တရားမ၀င် ကုန်သွယ်မှုအား ပညာပေးကာလအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပညာပေးကာလတွင် သတ်မှတ်ကုန်စည်များအား ပိုမိုသယ်ဆောင်ခြင်း၊ သွင်းကုန်လျှောက်လွှာပါ အချက်များနှင့် ကွဲလွဲတင်သွင်းခြင်း စသည့်ဖြစ်စဉ်များအတွက် ဒဏ်ကြေးသာ ပေးဆောင်စေမည့် ပင်လယ်ရေကြောင်း ဥပဒေနှင့် အရေးယူမည်ဖြစ်ကာ တားမြစ်ကုန်စည်များဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင် စသည့်ကုန်စည်များ တင်သွင်းလာလျှင်မူ အဆိုပါ ကုန်စည်များအား နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။ ပညာပေးကာလအား သြဂုတ် ၃၁ ရက်အထိ သတ်မှတ်ခဲ့ကာ အဆိုပါကာလ ကျော်လွန်သည့် စက်တင်ဘာ ၁ ရက်မှ စတင်ကာ တရားမ၀င် ကုန်စည်များ တင်သွင်းသည့် လုပ်ငန်းရှင်အား ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် စတင်အရေးယူနေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့်ကန့်သတ် ကုန်စည်များအား အဓိကဖြန့်ဖြူးနေသည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ လုပ်ငန်းရှင် ၂၀ စီ၏ စာရင်းအား ကောက်ယူထားပြီး အစိုးရအဖွဲ့ခွင့် ပြုချက်ရရှိချိန်တွင် ဖမ်းဆီးမှု ပြုလုပ်မည်ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားထားသည်။
from EMG

No comments:

Post a Comment