ရေကြောင်းပညာတက္ကသိုလ် အွန်လိုင်းသင်ကြားရေး စတင်တော့မည်
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် e-LEARNING SYSTEM ကို
ကမ္ဘာ့ရေကြောင်းတက္ကသိုလ် နည်းတူ သင်ကြားပေးတော့မည်ဟု သိရသည်။ “ဒီ
e-LEARNING က မြန်မာပြည်မှာမှ မဟုတ်ဘူး။ ကမ္ဘာ့ရေကြောင်း လောကမှာ
ကမ္ဘာ့ရေကြောင်းတက္ကသိုလ်မှာလည်း ဒီပရောဂျက်က အခုမှ စလုပ်တာပါ။ ဒါကို
ဒီမှာလည်း Short Course တွေအဖြစ် သင်ကြားပေးသွားမှာပါ” ဟု မြန်မာနိုင်ငံ
ရေကြောင်းပညာတက္ကသိုလ်မှ လက်ထောက်ကထိက ဒေါ်မေစိုးအောင်က ပြောသည်။
ယင်းကဲ့သို့ သင်ကြားနိုင်ရန်အတွက် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်
(MMU) နှင့် ကမ္ဘာ့ရေကြောင်းပညာ တက္ကသိုလ် (WMU) တို့ပူးပေါင်း၍ သင်ကြားရေး
စီမံခန့်ခွဲမှု အီလက်ထရောနစ်ဆိုင်ရာ သင်ကြားမှုစနစ် (LEARNING MANAGEMENT
AND e-LEARNING SYSTEM) ပညာရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်
လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာလ ၁၆ ရက်က ဆီဒိုးနားဟိုတယ်တွင်
ကျင်းပခဲ့သည့် အခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဥာဏ်ထွန်းအောင်က ရေကြောင်းနယ်ပယ်တွင်ရှိသော အသက်မွေးဝမ်းကျောင်း
တက္ကသိုလ် ကောလိပ်များနှင့် ရေကြောင်းသက်ဆိုင်ရာ ကျွမ်းကျင်သူများကြား
အသိပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက်
ရေရှည်ထောက်ပံ့ပေးနိုင်သော ကွန်ပျူတာမှ ဖန်တီးထားသည့် သင်ကြားရေး နယ်ပယ်
ပုံစံသစ် ဖြစ်သည်ဟု e-LEARNING နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်အနေဖြင့် အဆိုပါ e-LEARNING ကို
ယခုနှစ်တွင် Short Course အနေဖြင့် အတန်းတိုင်းတွင်
ထည့်သွင်းသင်ကြားပေးမည်ဖြစ်ပြီး
နောက်ပိုင်းတွင် Master Course, Ph.D Course များအဖြစ်
သင်ကြားပေးသွားမည်ဖြစ်ကြောင်း လက်ထောက်ကထိက ဒေါ်မေစိုးအောင်က ပြောသည်။
အဆိုပါ e-LEARNING ကို MMU ၌ သင်ကြားပေးရာတွင် ၄င်းတက္ကသိုလ်မှ
စာသင်သားများသာမက ပြင်ပလောကမှ သင်္ဘောသားများလည်း MMU သို့ စာရင်းပေး၍
တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉
ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
from Popular News ဂျာနယ
No comments:
Post a Comment