ဆန္ဒပြခွင့်တောင်းသူများကို တရားဝင်ခွင့်ပြုရန် သမ္မတရုံးဝန်ကြီးပြော
ပြည်သူလူထု၏ မကျေနပ်ချက်များ၊ တင်ပြတောင်းဆိုချက် များနှင့် ပတ်သက်၍
ဆန္ဒပြခွင့်ပြုရန် လျှောက်ထားသူများကို ရဲတပ်ဖွဲ့မှူးများက
တရားဝင်ခွင့်ပြုချက် ပေးရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက
ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ပြောဆိုကြောင်း အဆိုပါတွေ့ဆုံပွဲ
တက်ရောက် ခဲ့သူများထံမှ သိရှိရသည်။...
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် စက်တင်ဘာလ ၁၇ရက်နေ့က
ပြုလုပ်သည့် ဒေသတွင်း အခြေအနေများ နှင့် အစိုးရ လက်ကျန်သက်တမ်း လ ၃၀
အတွင်း အကောင်အထည် ဖေါ်သင့်သည် များကို မေးမြန်းရှင်းလင်း တင်ပြသည့်
အခမ်းအနားတွင် ဒေသခံများ၊ ဒေသ အာဏာပိုင်များနှင့် တွေ့ဆုံစဉ် ၄င်းက
ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
တရားဝင် ဆန္ဒပြခွင့်
တောင်းခံသော်လည်း ခွင့်ပြုချက်မရဘဲ ဆန္ဒပြသဖြင့် ဒေသခံအချို့
ပြစ်ဒဏ်ချခံခဲ့ရကြောင်း ရခိုင်ပြည်နယ် ဒေသခံများထံမှ သိရှိရသည်။
ဘင်္ဂါလီများကို နိုင်ငံသား မစိစစ်ဘဲ တူရကီနိုင်ငံ အကူအညီဖြင့်
အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြရန် ခွင့်ပြုချက်
လျှောက်ထားသူများကို သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး တို့က
တရားဝင် ခွင့်ပြုချက် မပေးခဲ့သော်လည်း ဆန္ဒပြခဲ့သဖြင့် ဒေသခံခုနစ်ဦးကို
စက်တင်ဘာလ အတွင်းတွင် ထောင်ဒဏ်သုံးလပြစ်ဒဏ် ချမှတ်ခံရကြောင်း
ပြစ်ဒဏ်ချခံရသူများက ပြောဆိုထားသည်။
တရားဝင် ခွင့်ပြုချက်မရဘဲ
ဆန္ဒပြ သဖြင့် ကျောက်တော်မြို့နယ်မှ လေးဦး၊ တောင်ကုတ်မြို့နယ်မှ
သုံးဦးကို ထောင်ဒဏ် သုံးလပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး
စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့မှ ဆန္ဒပြ ခေါင်းဆောင်များမှာ
တရားစွဲဆို ခံထားရကြောင်း အဆိုပါ တရားစွဲဆို ခံထားရသူများ ထံမှ သိရှိရသည်။
အလားတူ ကျောက်ဖြူမြို့နယ် တွင်လည်း တရုတ်- မြန်မာ ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဆန္ဒပြခဲ့သည့် ဆန္ဒပြခွင့်တောင်းခံခဲ့သူ ၁၀
ဦးကို စက်တင်ဘာလ ၁၉ရက်နေ့တွင် စီရင်ချက် ချမှတ်မည် ဖြစ်ကြောင်း
တရားစွဲဆိုခံထားရသူ ဦးထွန်းကြည်က ပြောကြားသည်။
ဒေသဖွံ့ဖြိုးရေးအတွက် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် မြို့နယ်
၁၇မြို့နယ်မှ ချင်းပြည်နယ် ပလတ်ဝမြို့နယ် တို့မှ ဒေသခံမြို့မိ မြို့ဖများ၊
ဒေသအာဏာပိုင် များနှင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့်
ဦးတင်နိုင်သိန်းတို့ တွေ့ဆုံစဉ် ဒေသခံများ ကလျှပ်စစ်မီးရရှိရေး ကိစ္စကို
အဓိကထား တင်ပြ ခဲ့ကြကြောင်း အဆိုပါတွေ့ဆုံပွဲ တက်ရောက် ခဲ့သူများထံမှ
သိရှိရသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ဈေးနှုန်းသက်သာစွာဖြင့် လျှပ်စစ်မီး ၂၄နာရီရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်ရေး၊ စက်မှုလုပ်ငန်းများ တည်ထောင်ပေးရေး တို့ကို တင်ပြခဲ့ကြောင်း
စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောကြားသည်။
လျှပ်စစ်မီးရရှိရေး ကိစ္စနှင့် ပတ်သက်၍ အဆိုပါဝန်ကြီးများက သေချာသည့်အဖြေ ပေးခြင်း မရှိခဲ့ကြောင်း ၄င်းကဆိုသည်။
from The Voice Weekly
No comments:
Post a Comment