Tuesday, September 10, 2013

မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် KIO တို့တွေ့ဆုံရန် ရက်သတ်မှတ်ပြီးသော်လည်း KIA မှဒေသခံ လူငယ်များအား လူသစ်စုဆောင်းမှုများ ဆက်လက်ပြုလုပ်နေ

အစိုးရငြိမ်းချမ်ေးရး ဖော်ဆောင်ရေးအဖွဲ့မှ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)... နှင့် KIO ကိုယ်စားပြုအလုပ်အဖွဲ့ တို့သည် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တွေ့ဆုံမည်ဟု ရက်သတ်မှတ်ပြီးသော်လည်း KIA အဖွဲ့ တစ်ဖွဲ့မှ မြစ်ကြီးနားမြို့နယ်ထဲတွင် ဒေသခံ ကချင်လူငယ်များအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများ လွန်ခဲ့သော ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ခံတစ်ဦးက “ နောက်တစ်ပတ်ဆိုရင် ဒီမြစ်ကြီးနားမှာ တွေ့ဆုံပွဲ လုပ်တော့မယ်၊ ရှေ့ပိုင်း ခေါင်းဆောင်တွေက အစိုးရအဖွဲ့နဲ့ ဆွေးနွေးမယ်လို့ ပြောနေပေမယ့် KIA အဖွဲ့က အခုလို လူသစ်စုနေတာကတော့ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ် ” ဟုပြောသည်။

မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာသို့ စက်တင်ဘာ (၈) ရက် နေ့လယ် (၃) နာရီခန့်တွင် ကချင်လွတ်မြောက် ရေး တပ်မတော် (KIA ) အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကချင်လူငယ် (၂၂) ဦးအား လူသစ်အဖြစ် ရိုက်ပုတ်ထိုး ကြိတ်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ယင်းမြို့ခံက ဆက်ပြောသည်။

“ ကျွန်တော်တို့လည်း ရွာမှာ မနေရဲတော့ဘူး၊ ဟိုတစ်နေ့က ရွာထဲကို KIA စစ်သားတွေဝင်ပြီး ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ကျွန်တော့် သူငယ်ချင်းတွေလည်း ပါသွားတယ်၊ ကျွန်တော်က တောင်ယာသွား နေတဲ့ အချိန် ရွာထဲမှာမရှိလို့ အဖမ်းမခံခဲ့ရတာ၊ အခုဒီမြစ်ကြီးနားကို ထွက်ပြေးလာခဲ့တာ ” ဟု လွယ်ခေါရွာသား နော်ဆိုင်းက ပြောပြသည်။

မြစ်ကြီးနားမြို့ပေါ်ရှိဒေသခံ ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးက “ ဒီဒေသတွေမှာ အခုလို လူသစ်အတင်း အဓမ္မစုတာ၊ ဆက်ကြေးကောက်တာတွေက ရိုးနေပါပြီ၊ သူတို့လူကြီးတွေကို သွားပြောရင် စိစစ်ပေးမယ်ဆိုတဲ့ စကားကလွဲပြီး ဒေသခံတွေအတွက် ဘာတစ်ခုမှ လုပ်ပေးတာမရှိဘူး၊ အရင်တုန်းက အဲဒီအလုပ်တွေ ကျူးလွန်တာ မပြောလိုပေမယ့် အခု KIO ကအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီးပြီလေ၊ ဒီလ (၁၆) ရက်နေ့မှာ KIO နဲ့အစိုးရအဖွဲ့တို့ တွေ့ဆုံဖို့ရှိပေမယ့်လည်း ဒေသခံတွေက ဘာမှမျှော်လင့်မထားကြပါဘူး၊ ခေတ်စနစ်ပြောင်းပေမယ့် ဒေသခံတွေရဲ့ အနှိမ်ခံဘ၀ကတော့ ဘယ်တော့ပြောင်းမလဲ မသိပါဘူးဗျာ ” ဟု ပြောပြသွားသည်။

from
Kachin Daily News

No comments:

Post a Comment