Wednesday, September 18, 2013

ဆေးလိပ်တစ်လိပ်ချင်းရောင်းလျှင် ရန်ကုန်တွင် ဖမ်းမည်

၂၀၀၆ ခုနှစ်က စတင်ကာ ဥပဒေပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု လုံးဝနီးပါး မရှိသေးသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ အသက်ဝင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးဆိုင်များတွင် ဆေးလိပ်တစ်လိပ်ချင်း ရောင်းချပါက ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေ အသက်ဝင်စေရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ စတင်ဖမ်းဆီးမည့် ရက်ကိုမူ အသေးစိတ် ပြောကြားခြင်း မရှိသေးပေ။ ဆေးလိပ်များကို အလိပ်လိုက် ရောင်းဝယ်နေမှုများသည် ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုကျယ်ပြန့် လာစေသောကြောင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။ “အလိပ်လိုက်ရတော့ လွယ်လွယ်ကူကူပဲ တွေ့တဲ့နေရာမှာ သောက်နေကြပါတယ်” ဟု ၄င်းက ဆိုသည်။ ကမ္ဘာ့နိုင်ငံ အများစုတွ...င် ဆေးလိပ်အလိပ်လိုက် ရောင်းချခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင်သာ ဆေးလိပ် တစ်လိပ်ချင်း ရောင်းဝယ်မှု ပြုလုပ်နေကြောင်း ၄င်းကဆိုသည်။ ယင်းသို့ ဆေးလိပ်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် ဆေးလိပ်တစ်လိပ်ချင်း ရောင်းဝယ်မှုကို တားဆီးခြင်း၊ အများပိုင်ဧရိယာများတွင် ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်ခြင်းအပြင် ဆေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သွင်းကုန်ဆိုင်ရာ အခွန်စနစ်နှင့် ဆေးလိပ်ထုတ်လုပ်သော ကုမ္ပဏီများကို အခွန်မြှင့်တင်ခြင်း ပြုလုပ်မှသာ ထိထိရောက်ရောက် ထိန်းချုပ်ရာ ရောက်မည်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက သုံးသပ်ကြသည်။ ဆေးလိပ် တစ်လိပ်ချင်း ရောင်းချသူများကို ပထမအကြိမ် ဖမ်းဆီးရမိပါက ငွေဒဏ်ကျပ်တစ်သောင်းမှ သုံးသောင်းအထိ အပြစ်ပေးနိုင်ပြီး ဒုတိယအကြိမ် ဖမ်းဆီးမိပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ အရေးယူနိုင်ကြောင်း ၂၀၀၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေတွင် ဖော်ပြပါရှိသည်။ ထို့ပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေး ဥပဒေတွင် အသက် ၁၈ နှစ် မပြည့်သူများကို ဆေးလိပ်ရောင်းချခြင်း၊ စာသင်ကျောင်းများအနီးတွင် ဆေးလိပ်ရောင်းချခြင်း၊ အခွန်ဆောင်ထားသည့် အမှတ်အသား မပါဝင်သော ဆေးလိပ်များကို ရောင်းချခြင်း၊ အသက် ၁၈ နှစ် မပြည့်သောသူများကို မရောင်းရဟူသည့် သတိပေး စာသားမပါသော ဆေးလိပ်များ ရောင်းချခြင်းတို့ကို ပထမအကြိမ် ဖမ်းဆီးရမိပါက ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအထိ အရေးယူနိုင်ပြီး ဒုတိယအကြိမ် ဖမ်းဆီးရမိပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ အပြစ်ပေး အရေးယူနိုင်ကြောင်း ဖော်ပြထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။
from  The Voice သတင်းစာ

No comments:

Post a Comment