တရားမဝင် မြန်မာလုပ်သားများ မလေးရှား အထောက်အထား ထုတ်ပေးမည်
မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားများကို မြန်မာသံရုံး တွင်
One Stop Service စင်တာဖွင့်လှစ်ကာ အထောက်အထား ထုတ်ပေးရန်
နှစ်နိုင်ငံအစိုးရ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်းစာ
The Star တွင် စက်တင်ဘာလ ၁၁ ရက်နေ့က ဖော်ပြသည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အရေးကို
ဖြေရှင်းရန် ရောက်ရှိနေသည့် အထူးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်နှင့် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad
Zahid Hamidi တို့ စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ သဘောတူညီမှု
ရရှိခဲ့ခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံ လုပ်ငန်းခွင်များအတွက်
လုပ်သားလိုအပ်မှု၊ လူသားချင်း စာနာမှုနှင့် အာဆီယံ စိတ်ဓာတ်အပေါ် ရပ်တည်ရမည့်
အခြေအနေနှင့် ရင်ဆိုင်နေရ၍ ယင်းသို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး တရားမဝင်
လုပ်သားများ တရားဝင် မှတ်ပုံတင်နိုင်ရန် မလေးရှား လူဝင်မှုကြီးကြပ်ရေးကလည်း
တရားဥပဒေကြောင်းအရ စိစစ်ကာ ကူညီသွားမည် ဖြစ်ကြောင်း Datuk Seri Dr Ahmad
Zahid Hamidi ပြောဆိုကြောင်း The Star တွင် ဖော်ပြသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၂၅၇,၀၀၀ ရှိသည့်အနက် ၁၁၃,၀၀၀ မှာ
အထောက်အထား ကိုင်ဆောင်ထားသူများဖြစ်ပြီး တရားမဝင် နိုင်ငံခြားသား
စာရင်းတွင် မြန်မာနိုင်ငံက တတိယနေရာတွင် ရှိကြောင်း၊ တရားမဝင်
မြန်မာနိုင်ငံသားများတွင် UNHCR ကတ်ကိုင်ဆောင်သူနှင့် အထောက်အထား
လုံးဝမရှိသူဟု နှစ်မျိုး ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား
သံအရာရှိ ဦးစိုးဝင်းကို ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း
အဆင်မပြေခဲ့ပေ။
မလေးရှားနိုင်ငံတွင် အထောက်အထား ထုတ်ပေးရေး
လုပ်ငန်းစဉ်များတွင် ပွဲစားများကြောင့် ငွေကြေး ပိုမိုကုန်ကျနေရပြီး
မြန်မာသံရုံး၏ ကြန့်ကြာမှုများကြောင့် အလုပ်သမားများ အခက်အခဲ
ဖြစ်ပေါ်နေကြောင်း၊ အထောက်အထား လုပ်ပေးရေး လုပ်ငန်းစဉ်များတွင်
ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပြီး ပွဲစားများနှင့် တစ်ဆင့်ခံ မဟုတ်ဘဲ
အစိုးရက တိုက်ရိုက်လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မလေးရှားရောက်
မြန်မာလုပ်သားများက ပြောဆိုကြသည်။
အော်ပရာစီ စစ်ဆင်ရေး
အစပိုင်းတွင် အဖမ်းအဆီးများ ကြမ်းတမ်းခဲ့သော်လည်း ယခုနောက်ပိုင်းတွင်
အဖမ်းအဆီးများ နည်းပါးလာကြောင်း ဂျိုးဟိုးမြို့တွင် လုပ်ကိုင်နေသည့်
မြန်မာလုပ်သား ဦးရွှေထွန်းက ပြောကြားသည်။
ကွာလာလမ်ပူမြို့တော်
ကာဂျမ်းစက်မှုဇုန်တွင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးမှုများ
ရှိခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် ၈၈ မျိုးဆက်နှင့်
မျိုးဆက်သစ်လူငယ်များ အဖွဲ့အစည်း မူဝါဒရေးရာ ခေါင်းဆောင် ဦးအောင်ကြီးက
ဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့မှ စတင်သည့် တရားမဝင်
နိုင်ငံခြားသားများကို ဖမ်းဆီးနေသော အော်ပရာ စီစစ်ဆင်ရေး (Ops 6P
Bersepadu) တွင် ဖမ်းဆီးခံ မြန်မာလုပ်သား နေရပ်ပြန်ခွင့်ရရေး အတွက်ကိုလည်း
ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က
လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
from The Voice Weekly
No comments:
Post a Comment