Tuesday, September 10, 2013

ရခိုင်ပါတီနှစ်ခု ပေါင်းစည်း၍ မှတ်ပုံတင်ရန် ကိုယ်စားလှယ် ၃၀ ဦး ရွေးချယ်


ရခိုင်အမျိုးသားပါတီ အမည်ဖြင့် ရခိုင်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရန် ကိုယ်စားလှယ် ၃၀ ဦး ရွေးချယ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် စီစဉ်နေကြောင်း အဆိုပါ ပါတီနှစ်ခုထံမှ သိရှိရသည်။...

စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရုံးချုပ်တွင် စက်တင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် နှစ်ပါတီ ပေါင်းစည်းရေး နောက်ဆုံးအဆင့် အစည်းအဝေးတွင် ပါတီတစ်ခုစီမှ ကိုယ်စားလှယ် ၁၅ ဦးစီ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဒေါက်တာအေးမောင်နှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ ဦးလှစောတို့ ပါဝင်မည့် ကိုယ်စားလှယ် ၁၅ ဦး အမည်စာရင်းကို စက်တင်ဘာ ၁၄ ရက်နေ့တွင် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) သို့ ပေးပို့မည် ဖြစ်ကြောင်း RNDP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစံကျော်လှက ပြောကြားသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က (ALD) ကိုယ်စားလှယ် ၁၅ ဦး စာရင်းကို RNDP ပါတီသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း ALD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးလှမြင့်က ဆိုသည်။

ကိုယ်စားလှယ် ၃၀ ဦးနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲ အပြီးတွင် ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က ပါတီပေါင်းစည်းခွင့်ပြုပါက မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီနှစ်ခုထံမှ သိရှိရသည်။

“အောက်တိုဘာလမှာ မှတ်ပုံတင်မယ်” ဟု ဦးစံလှကျော်က ဆိုသည်။

နှစ်ပါတီ ပေါင်းစည်းပြီး ခုနစ်လအတွင်း ပါတီညီလာခံကို ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ယင်းညီလာခံတွင် မြို့နယ်ကိုယ်စားလှယ်များ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ကိစ္စများကို အသေးစိတ် ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ပါတီနှစ်ခုထံမှ သိရှိရသည်။

ရခိုင်ပြည်သူလူထု၏ တောင်းဆိုချက်အရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှစ်ခု တစ်ပါတီအဖြစ် ပေါင်းစည်းရန် ဇွန်လ ၁၅ ရက်နေ့တွင် နှစ်ဖက် ထိပ်ပိုင်း ခေါင်းဆောင်များ ရန်ကုန်မြို့တော်ရှိ ရခိုင်သဟာယ အသင်းတွင် တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့သည်။

from The Voice Weekly

No comments:

Post a Comment