အဆင့်မြင့်ပညာရေး မူဝါဒ သဘောထား ကောက်ယူမည်
အဆင့်မြင့်ပညာရေး ဥပဒေ ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန် ရည်ရွယ်၍
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ကျောင်းသားများ၊ ဆရာ၊ ဆရာမများအား
အဆင့်မြင့်ပညာ မူဝါဒ သဘောထား စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက ကြေညာသည်။ အဆင့်မြင့်ပညာ မူဝါဒသဘောထား
စစ်တမ်းသည် တက္ကသိုလ်များရှိ အနာဂတ်ပညာရေး မြင့်မားရန်
ဆောင်ရွက်ချက်များအပေါ် အခြေခံ၍ မေးမြန်းထားခြင်းဖြစ်ပြီး နိုင်ငံသားများ
အလိုရှိသော ပညာရေး သဘောထားရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပညာရေးဝန်ကြီးဌာန အောက်က တက္ကသိုလ် လေးဆယ်ကျော်ကို စစ်တမ်းတွေ
ပေးပို့သွားမယ်။ စစ်တမ်းစာရွက် နှစ်သောင်းခွဲ ထုတ်ထားတယ်။ အခုတော့
တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို အဓိကထားပါတယ်။ ပြင်ပက
စိတ်ဝင်စားတဲ့သူတွေ လည်း စစ်တမ်းဖြေဆိုလို့ ရပါတယ်။ အွန်လိုင်းကနေလည်း
စစ်တမ်းကောက်ယူသွားပါမယ်” ဟု ရန်ကုန် တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းက
တာဝန်ရှိသူက ပြောသည်။ အဆင့်မြင့်ပညာရေး မူဝါဒ သဘောထား စစ်တမ်းတွင်
တက္ကသိုလ်များ၏ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏
တာဝန်အပ်နှံခြင်း၊ ရုပ်သိမ်းခြင်းနှင့် ရပိုင်ခွင့်၊ သင်ကြားရေး၊
ပညာရည်မြင့်မားရေး၊ ဘွဲ့ဒီဂရီ အပ်နှင်းရေးနှင့် ပညာရေးလွတ်လပ်ခွင့်
တို့အတွက် ဆန္ဒသဘောထားများ တောင်းယူထားသည်။ လက်ရှိအချိန်တွင်
ပြည်သူ့လွှတ်တော်၊ ပညာရေး မြှင့်တင်မှု ကော်မတီသည် အမျိုးသားပညာရေး
ဥပဒေနှင့် အဆင့်မြင့်ပညာရေး ဥပဒေကို တာဝန်ယူပြုစု ရေးဆွဲနေပြီး
လွှတ်တော်တွင် ဆွေးနွေးအတည်ပြုနိုင်ရန် စီစဉ်နေသည်။ မြန်မာနိုင်ငံ၏ ပညာရေး
ပြုပြင် ပြောင်းလဲမှုများအတွက် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတကာ
အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး
လေ့လာသုံးသပ်မှုလုပ်ငန်း (CESR) ကို ဆောင်ရွက်နေပြီး ပုဂ္ဂလိက ပညာရှင်များက
လည်း ဒေသအသီးသီးတွင် ပညာရေး ဆွေးနွေးပွဲများ ပြုလုပ်၍ သဘောထားဆန္ဒများ
တင်ပြထားကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် 7 Day News
ဂျာနယ်တွင် ဖော်ပြထားပါသည်။
from 7Day News
No comments:
Post a Comment