နိုင်ငံရေး ပစ်မှတ်များကို မိုးပျံဗုံးဖြင့် တိုက်ခိုက်ရန် နီယိုနာဇီတို့ ကြံစည်
အစွန်းရောက် ဝါဒီအင်အားစုများနှင့် ဆက်စပ်နေသည့် လူတစ်ဦးကို
ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ရာ ၎င်းထံမှ ဗုံးတစ်လုံးနှင့် လေယာဉ်ပုံစံငယ်
အချို့ကို သိမ်းဆည်းရမိခဲ့သည်။ နိုင်ငံရေး ပစ်မှတ်များကို ဦးတည်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည့်
နီယိုနာဇီတို့၏ အကြံအစည်ကို တားဆီးနိုင်ခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က
ပြောကြားလိုက်သည်။ အစွန်းရောက် ဝါဒီအင်အားစုများနှင့် ဆက်စပ်နေသည့်
လူတစ်ဦးကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ရာ ၎င်းထံမှ ဗုံးတစ်လုံးနှင့်
လေယာဉ်ပုံစံငယ် အချို့ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းဗုံးသည်
အပြည့်အဝ အလုပ်လုပ်နိုင်စွမ်းရှိအောင် တည်ဆောက် ထားကြောင်းလည်း ရဲများက
ဆိုသည်။ ဂျာမနီ အနောက်တောင်ပိုင်း ဖရိုင်းဘာ့ဂ်တွင် ၎င်းမသင်္ကာသူကို
ဖမ်းဆီးရမိပြီး ဗုံးကို ရဲများက သိမ်းယူနိုင်ခဲ့သည်။ ယင်းဗုံးသည်
သေးငယ်သော်လည်း မီတာ(၃၀) ပတ်လည်အတွင်း ဆိုးရွားပြင်းထန်သည့်
ထိခိုက်သေကြေမှု များ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။
နီယိုနာဇီ
ဝါဒီများသည် ယမန်နှစ်အတွင်း ဂျာမနီနိုင်ငံ တဝှမ်းတွင် အကြမ်းဖက် ရန်ပြုမှု
(၈၀၀)ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သည့်
သီတင်းပတ်ကုန်က ရဲတပ်ဖွဲ့သည် သတင်းအရ ဖရိုင်းဘာ့ဂ်တွင် တစ်အိမ်တက်ဆင်း
ရှာဖွေမှုများ ပြုလုပ်ပြီးနောက် အသက်(၂၃)နှစ်ရှိ သံသယ တရားခံကို
ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ဆေးမေးမြန်းမှုများအရ နီယိုနာဇီတို့သည်
နိုင်ငံရေးသမားများ စုရုံးနေသည့် နေရာတစ်ခုတွင် ဗုံးကို လေထဲမှ
ပျံသန်းလာစေကာ ကြဲချရန် ရည်ရွယ်ထားခြင်းဟု သိရှိလာရသည်။
"လက်ဝဲယိမ်း နိုင်ငံရေးသမားတွေနဲ့ နာဇီဝါဒ ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို
အဓိက ပစ်မှတ်ထားပြီး ဒီဗုံးမျိုးကို အသုံးပြုဖို့ သူတို့က
ရည်ရွယ်ထားတာပါ"ဟု ဖရိုင်းဘာ့ဂ် အစိုးရရှေ့နေ ဝုလ်ဖ်ဂန်းမိုင်ရာက APသို့
ပြောကြားခဲ့သည်။ ဇွန်လကလည်း ဂျာမနီရှိ အစ္စလာမ် လှုပ်ရှားသူ အချို့၏
နေအိမ်များကို ဝင်ရောက်စီးနင်းရာ အလားတူ ဗုံးလက်နက် ပုံစံငယ်များကို
တွေ့ရှိခဲ့ဖူးရာ ဂျာမန် ရဲတပ်ဖွဲ့ အနေဖြင့် နိုင်ငံရေး လုပ်ကြံမှုတွင်
လက်နက်သစ်တစ်မျိုး အသုံးပြုလာနိုင်ခြေကို သတိပြုရန် လိုအပ်နေပြီဟု
မိုင်ရာက မှတ်ချက်ပြုသွားသည်။
from Planet Myanmar Network
No comments:
Post a Comment