ဂျပန်ကုမ္ပဏီ ၅၀ ကျော် ပါဝင်မည့် ကုန်စည်ပြပွဲ ကျင်းပမည်
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကျင်းပမည့် Japan Product Expo 2013
တွင် ဂျပန်ထုတ်ကုန် ပစ္စည်းများ တင်သွင်းရောင်းချနေသော ကုမ္ပဏီများနှင့်
ဂျပန်ကုမ္ပဏီ စုစုပေါင်း ၅၀ ကျော် ပါဝင်ပြသ ရောင်းချမည် ဖြစ်ကြောင်း
အဆိုပါပွဲကို စီစဉ်ကျင်းပမည့် Myanmar Professional Services မှ
တာဝန်ရှိသူ ဒေါက်တာဇာနည်မောင်မောင်က ပြောကြားသည်။ “Gandaman Panasonic၊
Duplo၊ Kanebo တို့လို နာမည်ကျော် အမှတ်တံဆိပ်တွေပါမယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်ထုတ်ကုန်ပစ္စည်းများ တင်သွင်း ရောင်းချနေသော ကုမ္ပဏီများနှင့်
ဂျပန်ကုမ္ပဏီ ၅၀ ကျော်မှ ပစ္စည်းအမျိုးအမည် ၇၀ ကျော် ပြသမည်ဖြစ်ပြီး
အခန်းအရေအတွက် ၁၅၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဂျပန်နိုင်ငံမှ
ထုတ်လုပ်သော အရည်အသွေးမြင့် စားသောက်ကုန်၊ အလှကုန်၊ တူရိယာပစ္စည်း၊
လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း စသော လူသုံး၊ အိမ်သုံးပစ္စည်းများ
ပြသရောင်းချမည့် Japan Product Expo 2013 ကို စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၂
ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း Japan
External Trade Organization (JETRO) ထံမှ သိရသည်။ အရည်အသွေးမြင့်
ဂျပန်ထုတ်ကုန်များ ဈေးကွက်ချဲ့ထွင်ရန်နှင့် နှစ်နိုင်ငံ
ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ကျင်းပသော အဆိုပါကုန်စည်ပြပွဲကို ၂၀၁၂
ခုနှစ်က ပထမအကြိမ် အဖြစ် ကျင်းပခဲ့ပြီး လာရောက်ကြည့်ရှုသူ အရေအတွက်
လေးသောင်းကျော်ရှိကြောင်း ဂျပန်ပြည်ပ ကူးသန်းရောင်းဝယ်ရေးအဖွဲ့ JETRO က
ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် The Voice
သတင်းစာတွင် ဖော်ပြထားပါသည်။
from The Voice
သတင်းစာ
No comments:
Post a Comment