အစိုးရသစ် တက်ပြီးနောက်ပိုင်း မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီးခံရသူများတွင် ကချင်ဒေသမှ အများဆုံး ပါဝင်
အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇
(၁)၊ ၁၇ (၂) တို့ဖြင့် အဖမ်းခံနေရသူ ဦးရေ ၅၀ ကျော်အထိ ရှိသည်ဟု
နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှ ဦးရဲအောင်က ပြောကြားပြီး
စစ်ဆေးတွေ့ရှိချက်အရ ကချင်တပ်များနှင့် အစိုးရတပ်များ
တိုက်ပွဲပြင်းထန်ခဲ့သည့် ကချင်ဒေသမှ အများဆုံး ဖမ်းဆီးခံထားရကြောင်း
သိရသည်။...
ဦးရဲအောင်က "ကျွန်တော်တို့ ထပ်စုံစမ်းတဲ့အခါ ၁၇ (၁)(၂)တွေက အများကြီးပဲ။
ကချင်ပြည်နယ် ဘက်ကပါ၊ အခုလတ်တလောမှာတော့ စာရင်းအတိအကျ မရသေးဘူး။
လွတ်သွားတဲ့ လူတွေထဲမှာလည်း ပါသွားတာတွေ ရှိသေးတယ်။ ကျွန်တော်တို့
ဒီဘက်မှာ ပြောနေတာတွေက ပုဒ်မ ၁၈ တို့ ၅၀၅(ခ)တို့ပဲ ပြောနေတာလေ။ အဲဒီ့ပုဒ်မ
မဟုတ်ဘဲနဲ့ ဖမ်းထားတဲ့ လူတွေက အများကြီးပဲ။ အဲဒီ့လူတွေကို လားရှိုး၊ သီပေါ၊
ဗန်းမော်၊ ကသာထောင်တွေမှာ ရှိနေတယ်။" ဟု The Daily Eleven သို့
ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က "တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
ပတ်သက်ပြီးတော့ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ အက်ဥပဒေနဲ့ ထောင်ကျသူတွေကို
နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ တိုင်းရင်းသား
လက်နက်ကိုင်တွေဆိုတာ နိုင်ငံရေးအရ ဖြေရှင်းလို့ မရသေးလို့
လက်နက်ကိုင်နေကြရတာကိုး။ နိုင်ငံရေးအရ လိုအပ်ချက်တွေ ရှိနေလို့
တိုက်ပွဲတွေ ဖြစ်နေရတာပါ" ဟု ပြောကြားသည်။
မတရားသင်းနှင့်
ဆက်သွယ်သည့် အက်ဥပဒေကို ပါလီမန် ဒီမိုကရေစီ ခေတ်ကတည်းက ပြဋ္ဌာန်းထားခဲ့ပြီး
အစိုးရအဆက်ဆက် ထိုဥပဒေဖြင့် ဖမ်းဆီးပြစ်ဒဏ် ပေးခံရသူ အများအပြား ရှိခဲ့သည်။
မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ထောင်ချခံခဲ့ရသူ နိုင်ငံရေး
အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကျူရှင်ဆရာ ဦးဇော်ဝင်းက ၎င်း၏ အတွေ့အကြုံအား
"၁၉၈၈ မတိုင်ခင်က တပည့်တွေက အရေးတော်ပုံ အပြီးမှာ ကျွန်တော့်အိမ်ကို
ကျောင်းသားလေးတွေ အမြဲလာကြတယ်။ အဓိကကတော့ စာအုပ်တွေလာ ဖတ်ကြတာ၊
အရေးအခင်းနောက်ပိုင်း ကလေးတွေ ပျောက်သွားကြတယ်။ တစ်ရက်တော့ ကောင်လေးက
ခဏလေးလာတယ်။ အိမ်မှာတစ်ည အိပ်တယ်။ နောက်နှစ်ရက်လောက်ကြာတော့
ကျွန်တော့်အိမ်ကို စစ်တပ်နဲ့ဝိုင်းပြီး ဖမ်းတယ်။ ကျွန်တော့်ကို
ထောင်ချတော့ ပုဒ်မ ၁၇(၁)နဲ့ ချလိုက်တယ်။ တပည့်လေးက ABSDF က ဖြစ်လို့တဲ့"
ဟု The Daily Eleven သို့ ပြောကြားသည်။
KNU (ကရင်အမျိုးသား
အစည်းအရုံး) အခြေစိုက်ရာ ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ အများစုသည်
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင်နှစ် ၃၀ နီးပါးနေ
ထိုင်ခဲ့သည့် အမိုးနော်လေးဒီက "အမိုးတို့ ရွာတွေမှာ KNU က လူတွေနဲ့
အမျိုးတော်ကြတာ များတယ်။ ဒါကြောင့် သူတို့တွေက ထမင်းဝင်စားတယ်၊
အပ်တို့အပ်ချည်တို့ကအစ လိုရင်လာ တောင်းတယ်။ ဒါကို အမိုးတို့ကို စစ်တပ်က
ဝင်ဖမ်းတယ်။ မမိရင် ရွာကိုမီးရှို့တယ်" ဟု ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အကျုံးဝင်သည့်
နိုင်ငံရေးအကျဉ်းသား စာရင်းအား ဆက်လက်စိစစ်သွားမည်ဟု နိုင်ငံရေးအကျဉ်းသား
စိစစ်ရေးကော်မတီမှ ဦးရဲအောင်က ပြောကြားသည်။
၂၀၁၃၊ မတ်လတွင်
အဖွဲ့ ၁၆ ဖွဲ့ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို
ဖွဲ့စည်းကာ ဒုတိယအကြိမ် အစည်းအဝေးတွင် သုံးဖွဲ့ထပ်တိုးသဖြင့် အဖွဲ့ ၁၉
ဖွဲ့ ပါဝင်ကာ အဖွဲ့ဝင် ၁၉ ဦးဖြင့် နိုင်ငံရေး အကျဉ်းသားများအား
စိစစ်ခဲ့သည်။ အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများအား
(၁၀)ကြိမ်အထိ လွှတ်ပေးခဲ့သော်လည်း အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား
၁၇၀ ၀န်းကျင် ကျန်ရှိနေဆဲဖြစ်သည်ဟု နိုင်စစ်ကော်မတီဝင်များက ပြောကြားသည်။
from The Daily Eleven
No comments:
Post a Comment