Tuesday, September 10, 2013

နိုင်ငံခြား ငါးဖမ်းလှေများ မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးခွင့် သက်တမ်းတိုး မပေးရန် ပြည်ထောင်စု လွှတ်တော်နာယက တိုက်တွန်း

မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းလှေများကို ဖမ်းဆီးခွင့်သက်တမ်း ထပ်တိုးမပေးရ...န် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။
သူရဦးရွှေမန်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကုန်စည်ဒိုင် အသင်းအဖွဲ့များ တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ ဆွေးနွေးတင်ပြသည်မှာ မြန်မာ့ပင်လယ်ပြင်တွင် တရားဝင် ဖမ်းဆီးနေသည့် Fishing Right နိုင်ငံခြား ငါးဖမ်းယာဉ်များသည် လာမည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်တွင် ဖမ်းဆီးခွင့် သက်တမ်းပြည့်မည်ဖြစ်ပြီး ယင်းတို့မှ သက်တမ်းတိုးပြီး ဆက်လက် ဖမ်းဆီးခွင့်ရရှိရန် သက်ဆိုင်ရာသို့ ဆက်လက်တင်ပြထားသည့် အကြောင်းအား ပညာရှင်များနှင့် ငါးဖမ်းလုပ်ငန်းရှင်များ အပါအ၀င် အားလုံးက ဖမ်းဆီးခွင့် သက်တမ်းထပ်တိုး မပေးရန် သဘောထား ထုတ်ပြန်ထားသည်ကို တင်ပြဆွေးနွေးခဲ့သည်။

''တခြားနိုင်ငံတွေကို Fishing Right မပေးသင့်တော့ဘူးလို့ ယူဆရပါတယ်။ သက်ဆိုင်ရာ အသင်းအဖွဲ့ တွေကတော့ ၀န်ကြီးဌာနတွေကရော မပေးသင့်ဘူးလို့ ယူဆတယ်ဆိုရင် ဒီအတိုင်းပဲ ဖြစ်မြောက်အောင်လုပ်ပါ။ လွှတ်တော်ဘက်က လိုမယ်ဆိုရင် လွှတ်တော်မှာ တင်ပြညှိနှိုင်းချက်ကို ပါအောင်လုပ်ပေးရမယ်။ ပင်လယ်ပြင်မှာ ငါးဖမ်းဖို့အတွက် ပြည်တွင်းငါးဖမ်း လုပ်ငန်းရှင်တွေကို ပေးနိုင်မှာဖြစ်တယ်။ ကျွန်တော် အနေနဲ့ဆိုရင် ကောင်းတယ်၊ မှန်တယ်လို့ပဲ မြင်တယ်။ ဒီအတိုင်းဖြစ်အောင် ဆက်ပြီးလုပ်ဖို့ ကျွန်တော့်ဘက်က အကြံပြု တိုက်တွန်းလိုပါတယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ Fishing Right နိုင်ငံခြား ငါးဖမ်းယာဉ်များသည် တစ်နှစ်လျှင် နိုင်ငံတော်အား အခွန်အမေရိကန်ဒေါ်လာ ၁၂ သန်းဝန်းကျင် ပေးဆောင်သော်လည်း ပင်လယ်ပြင်ရှိ ရေသယံဇာတများကို ထိခိုက်မှုများ ရှိနေသည့်အပြင် ကုန်စည်စီးဆင်မှုမှာလည်း ပြည်တွင်းသို့ မစီးဆင်းသည့်အပြင် အခြေခံ အလုပ်သမားများ အတွက်လည်း အလုပ်အကိုင် ထောက်ပံ့ပေးနိုင်မှု မရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအောင်သန်းဦးက တင်ပြဆွေးနွေးခဲ့သည်။

မြန်မာ့ပင်လယ်ပြင်တွင် Fishing Right ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းယာဉ်များသည် စားရင်းဇယားများအရ ၂၀၀၄ ခုနှစ် စ၍ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင် ပျမ်းမျှငါးဖမ်းယာဉ် အစီးရေး ၂၅၀ မှ ၃၀၀ ဖမ်းဆီးလျက် ရှိကြောင်း သိရသည်။

အဆိုပါ Fishing Right သည့် လာမည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်တွင် ဖမ်းဆီးခွင့်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့်အတွက်ကြောင့် နောက်ထပ် သက်တမ်းငါးနှစ် ထပ်တိုးပေးရန် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ နိုင်ငံခြားရေး ၀န်ကြီးဌာနမှတစ်ဆင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနအား တင်ပြထားကြောင်း သိရသည်။

from Eleven

No comments:

Post a Comment