Wednesday, May 22, 2013

မဒေးကျွန်းဒေသခံများ တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက် နစ်နာမှုများ ကြုံတွေ့နေရသည့် ဒေသခံ ဦးရေ ၅၀ ကျော်နှင့် တရုတ်သံအမတ်ကြီး Mr.Li.Junhua တို့ မေလ ၁၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ယင်းပိုက်လိုင်းစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် တရားစွဲဆိုခံထားရသူ ဦးထွန်းကြည်က The Voice သို့ပြောကြားသည်။



အဆိုပါပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာရမှုများနှင့် ပတ်သက်၍ အချက်ကိုးချက်ကို တောင်းဆိုထားကြောင်း လူအင်အား ၅၀၀ ကျော်ဖြင့် ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြသဖြင့် ခေါင်းဆောင် ၁၀ ဦးကို မေလ ၅ ရက်နေ့တွင် ရုံးတင်၍ စတင်တရားစွဲဆို ခံထားရကြောင်း၊ ယင်း နောက်တွင်မှ ယခုကဲ့သို့ တရုတ်သံအမတ် ကြီးနှင့် China National Petroleum Corporation (CNPC) ကုမ္ပဏီတာဝန် ရှိသူများ လာရောက်ခြင်းဖြစ်ကြောင်း၊ တရုတ်သံအမတ်ကြီး အနေနှင့် မဒေးကျွန်း ဆရာတော်ဘုရားနှင့် တွေ့ဆုံခဲ့သော်လည်း ဒေသခံများသည် သံအမတ်ကြီးကို မေးခွန်း ထုတ်မှုများ၊ ဆွေးနွေးမှုများကို ယင်း တွေ့ဆုံပွဲအတွင်း ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ၄င်းကဆိုသည်။

"ကျွန်တော်တို့အနေနဲ့ မေးခွန်းထုတ်ဖို့၊ တောင်းဆိုဖို့တို့ ဘာကိုမှပြောဖို့ အချိန်မရဘူး။ သူက ဒီပိုက်လိုင်းစီမံကိန်းမှာ ပါဝင်ကူညီပေးတဲ့အတွက် ဒေသခံတွေကို ကျေးဇူးတင်တယ်လို့ပဲ ပြောသွားတယ်" ဟု တရားစွဲဆိုခံထားရသူ ဦးထွန်းကြည်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ယင်းဒေသတွင် မြေနေရာဆုံးရှုံးမှုများ၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ မရရှိမှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ဒေသခံများအတွက် အသက်အန္တရာယ်ရှိမှု စသည့်အချက်များ ဖြစ်ပေါ်နေပြီး ယင်းစီမံကိန်းကို ရပ်တန့်ရန် ဒေသခံများက ကန့်ကွက်လျက်ရှိသည်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ကျောက်ဖြူမြို့မှ စတင်၍ မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ဖြတ်သန်းကာ တရုတ်နိုင်ငံဘက် သို့သွယ်တန်းမည့် အဆိုပါပိုက်လိုင်းသည် လေ့လာတွေ့ရှိချက်များ အရ ပိုက်ဆက်မှုနှင့် မြေကြီးအောက် မြုပ်သည့် လုပ်ငန်းအပိုင်း များတွင် လိုအပ်ချက်များ ရှိနေသည့်အပြင် ယင်းပိုက်လိုင်း စီမံကိန်းသည် အချို့နေရာ များတွင် ယို့စိမ့်မှုများရှိ၍ ဒေသခံများ အတွက် အန္တရာယ်ရှိနိုင်ကြောင်း ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ဆိုသည်။
from The Voice Weekly

No comments:

Post a Comment