Tuesday, May 21, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Dr.Jim Yong Kim တို့အား လက်ခံ တွေ့ဆုံ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေ(၂ဝ)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ခေတ္တတည်းခိုသည့် Four Seasons Hotel ၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန်အား လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကလင်တန်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ မိခင်နှင့်ကလေး အသေအပျောက် နှုန်း လျော့နည်းရေး၊ လယ်ယာကဏ္ဍတွင် ထုတ်လုပ်မှုနှင့် သိုလှောင်မှုဆိုင်ရာ နည်းပညာများရရှိရေး၊ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေး၊ ဆိုလာ စွမ်းအင်စနစ် အသုံးပြုရေး၊ ဆေးရုံသုံးနှင့် ဆေးဝါးပစ္စည်းများ ရရှိရေးနှင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည်များ ပံ့ပိုးကူညီရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် နံနက်(၁ဝ)နာရီခွဲတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Dr. Jim Yong Kim အား အဆိုပါ ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး ကိစ္စရပ်များတွင် ကမ္ဘာ့ဘဏ်က ငွေကြေးအကူအညီများ ပေးအပ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးသန်းဌေးနှင့် သံအမတ်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြသည်။ 
from  president-Office

No comments:

Post a Comment