Saturday, May 18, 2013

မေလ ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

နာဂစ်၊ မဟာစင်နှင့် လူသားမျက်နှာ

၂၀၀၈ နာဂစ်မုန်တိုင်းကာလ၊ ငါးနှစ်အတွင်း ပြောင်းလဲသွားသော အခြေအနေများမှာ သိသာလှသည်။ ပုဂ္ဂလိက မီဒီယာများ ပွင့်လင်းလာမှု၊ လူမှုမီဒီယာများ၏ တာဝန်သိလာမှု၊ အံ့သြစရာ အကောင်းဆုံးမှာ အစိုးရ၏ လုပ်ဆောင်မှုပင်ဖြစ်သည်။


အစိုးရ၏ သတင်းလျို့ဝှက်တတ်သော ဥာဉ်၊ တာဝန်မဲ့မှု၊ လူထု၏ မုန်တိုင်းနှင့် ပတ်သက်သော အတွေ့အကြုံ၊ အသိပညာချို့ယွင်းမှု၊ သတင်းမီဒီယာတို့၏ အားနည်းမှုတို့ကြောင့် ပေးဆပ်ခဲ့ရသည်မှာ လူအသက်သိန်းကျော်။ ဤမျှအသက်ဆုံးရှုံး နေသည့်ကြားက လူထုမလိုလားသည့် ဥပဒေကို အတည်ပြုခဲ့သေးသည်။ နိုင်ငံတကာ အကူအညီကို ငြင်းပယ်ခဲ့ရုံမက လုံလောက်သော ထူထောင်မှုများ မရှိခဲ့။

ငါးနှစ်အတွင်း အရာရာပြောင်းလဲခဲ့ပြီဖြစ်သည်။ လျင်မြန်သော သတင်းထုတ်ပြန်မှု၊ အမှားပြင်ဆင်မှု၊ လုံလောက်သော အကာအကွယ် ပြင်ဆင်မှု၊ တိကျသော ရှင်းလင်းမှုဖြင့် ဒီမိုကရေစီ အစိုးရတစ်ရပ်၏ အရေးပေါ်အခြေအနေ (Crisis) ကိုင်တွယ်မှုကို တွေ့ရသည်။ အမှတ်ယူရုံ၊ နိုင်ငံရေးအမြတ်ထုတ်ရုံ လုပ်ဆောင်မှုမျိုး မဟုတ်သည်ကို တွေ့ရှိရသည်။ မုန်တိုင်းဝင်ရောက်ခြင်း မရှိ၍ အပျက်အစီးများ မကြုံတွေ့ရ။ ဒုက္ခမရောက်ခဲ့သော်လည်း မီဒီယာနှင့်လူထုက အစိုးရ၏ လုပ်ဆောင်မှုကို ကျေနပ်ခဲ့ကြသည်။

လူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အလေးအနက်ထားခြင်းမှာ လူသားဆန်ခြင်း ဖြစ်သည်။ ဒီမိုကရေစီကို ဖော်ဆောင်သည့် အစိုးရတို့၏ တန်ဖိုးကို လူသားဆန်မှုနှင့် တိုင်းတာရသည်။ မည်သို့ပင်ဖြစ်စေ ယခုမဟာစင်မုန်တိုင်းနှင့် ပတ်သက်၍ ယခုအစိုးရ၏ လူသားဆန်သော လုပ်ဆောင်မှုမှာ လက်ခံသင့်သော ဆောင်ရွက်မှုများဟု The Daily Eleven သတင်းစာမှ ယူဆပါသည်။

from Eleven Media Group

No comments:

Post a Comment