Saturday, May 18, 2013
သမ္မတဦးသိန်းစိန်အား ပင်တဂွန် စစ်ဌာနချုပ်သို့ လည်ပတ်ရန် သမ္မတအိုဘားမား အနေဖြင့် ဖိတ်ခေါ်သင့်ကြောင်း CSIS တိုက်တွန်း
မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှကြားရှိ အချက်အချာကျသော အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်။ ယင်းကဲ့သို့ အချက်အချာကျသော နေရာတွင် တည်ရှိနေခြင်း၏ တန်ဖိုးမှာ အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင် လုပ်ဆောင်နိုင်ရေးသည် အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွား ဖြစ်သည်ဟုလည်း အဆိုပါအဖွဲ့က ပြောကြားသည်။
ဝါရှင်တန်အခြေစိုက် CSIS အဖွဲ့သည် ကာကွယ်ရေး၊ လုံခြုံရေး အဓိကလေ့လာ သုံးသပ်သည့် ကမ္ဘာပေါ်တွင် သြဇာတိက္ကမရှိသော နိုင်ငံတကာ မူဝါဒလေ့လာရေး အဖွဲ့အစည်းဖြစ်သည်။
ရိုးသားပြီး လာဘ်ပေးလာဘ်ယူမှု အကင်းရှင်းဆုံးဖြစ်ကာ စစ်ဗိုလ်ချုပ်ကြီးမှ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် သမ္မတဦးသိန်းစိန်သည် အမေရိကန်စစ်ဘက် အဆင့်မြင့် အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီး ချက်ဟာဂယ်တို့နှင့် ဆက်ဆံရာတွင် အဆင်ပြေလိမ့်မည်ဟု CSIS အဖွဲ့က ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီးသွားရောက်ရန် မြန်မာနိုင်ငံမှ မေ ၁၇ ရက်က လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများလည်း တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။
from Eleven Media Group
No comments:
Post a Comment