Friday, February 14, 2014

ရခိုင်ပြည် အဘက်ဘက်မှ နိမ့်ကျနေရခြင်းသည် အုပ်ချုပ်ရေးစနစ်ကြောင့်ဟု ANC ခေါင်းဆောင်ပြော

Arakan National Council
ရခိုင်ပြည်နယ်သည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် အဘက်ဘက်မှ နိမ့်ကျနေရခြင်းမှာ စနစ်ကြောင့်ဟု ယမန်နေ့(ဖေဖော်ဝါရီ ၁၃)က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ANC (ရခိုင်ပြည်အမျိုးသား ကောင်စီ) နှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲတွင် ANC ဗဟိုကော်မတီဝင်လည်းဖြစ် ရခိုင်ပြည်တပ်မတော်မှ အကြီးအကဲတစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးကြီးမင်းထွန်းက နိရဉ္စရာသို့ပြောသည်။
“အုပ်ချုပ်ရေး စနစ်ကြောင့်လို့ပဲမြင်ပါတယ်။ ရခိုင်တမျိုးသားလုံး ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့် ဆုံးရှုံးနေတယ်။ တဆင့် လျှော့လို့ပြောမယ်ဆိုရင် အမျိုးသားတန်းတူရေး
ဆုံးရှုံးနေပါတယ်။ ပြည်သူတရပ်လုံးကလည်း ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးဆုံးရှုံးနေတယ်။ အဲဒီလိုဖြစ်တဲ့ အခြေခံ အကြောင်းတရားက အစိုးရ အုပ်ချုပ်ရေး စနစ်လို့ပဲ ကျနော်တို့မြင်ပါတယ်။ ဒီအခွင့်ရေးတွေသာ မဆုံးရှုံးဘူးဆိုရင် ရခိုင်ပြည်ဟာ အခုလို ဖြစ်နေမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ Excel Treasure Hotel တွင် ANC မှ တာဝန်ရှိသူ ၈ ဦးက နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရခိုင်မိသားစုများနှင့် နေ့လည် ၁နာရီမှ ညနေ ၅ နာရီထိ ၄နာရီကြာကြာ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
Arakan National council
“ပြည်သူတရပ်လုံးအနေနဲ့ အခုဖြစ်ပေါ်နေတဲ့ အခြေနေတွေရဲ့ အကြောင်းအရင်းက ဘာလဲဆိုတာကို မြင်ဖို့လိုပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောရမယ်ဆိုရင် နိုင်ငံရေးအရ နိုးကြားမှု ရှိဖို့လိုပါတယ်။ ကျနော်တို့ လူထုတွေက အခြေခံ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ရှိကြတယ်။ သို့သော်လည်း ဖြစ်ပေါ်နေတဲ့ အခြေနေတွေရဲ့ အကြောင်းတရားကို မြင်အောင် မကြည့်တတ်ကြဘူး။ ပြဿနာ ဖြေရှင်းတဲ့ နေရာမှာလည်း စိတ်ရှည်သည်းခံပြီးတော့ လမ်းကြောင်းအမှန်ကို ရှာပြီးတော့ ဖြေရှင်းဖို့ လိုပါတယ်။” ဟု ဗိုလ်မှူးကြီး မင်းထွန်းက ဆက်လက် သုံးသပ်ပြောဆိုသည်။
၎င်းအပြင် အဓိကအားဖြင့် အဆိုပါအုပ်ချုပ်ရေးစနစ်အား အသက်ဝင်စေသော ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး၏ အရေးကြီးမှုကို သိရှိရန်လိုအပ်ပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတိုးတက်လိုလျှင် တခြားနိုင်ငံများ မည်သည့်အတွက် ကြောင့် တိုးတက်နေကြသည်ကိုလည်း ကြည့်ရှုရန် လိုအပ်ဟု ဗိုလ်မှူးကြီးက ဆက်ပြောသည်။
အဆိုပါ ANC အဖွဲ့သည် မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) နှင့် ဆက်သွယ်ပြီး ထိုင်း-မြန်မာနယ်စပ်မှ တဆင့် ဖေဖော်ဝါရီလ ၁၂ရက်နေ့က ရန်ကုန်မြို့သို့ ရောက်လာပြီး ရခိုင်ပြည်နယ် မြို့အချို့သို့ သွားရောက် ရန် ခရီးစဉ်ရှိသည်ဟု အဖွဲ့ဒု-ဥက္ကဌ ဒေါက်တာခင်မောင်က နိရဉ္စရာသို့ပြောသည်။
“အခုလို ပြည်တွင်းကို ဝင်လာရတာက ရခိုင်ပြည်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ရခိုင်ပြည်သူ တရပ်လုံး တွေ့ကြုံခံစားနေရတာတွေကို ကွင်းဆင်း လေ့လာတဲ့ သဘောနဲ့ အစိုးရနဲ့ ဆက်သွယ်ပြီး ခွင့်ပြုချက်ယူပြီးတော့ ဝင်လာ ရတာဖြစ်ပါတယ်။ ရခိုင်ခရီးစဉ် စီစဉ်ထားပါတယ်။ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော မြို့တွေကို သွားရောက်ဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ရခိုင် သို့ သွားရောက်မည့် အကြေားအရင်းမှာ ရခိုင်လူမျိုးများ တည်တံ့ခိုင်မာရေး၊ စည်းလုံးညီညွတ်ရေး၊ လုံခြုံရေး စသည့် ရည်ရွယ်ချက်များကြောင့် ဖြစ်ပြီး မိမိတို့ တွေ့ကြုံ သိရှိထားသော ဗဟုသုတများကို ပြည်သူများအကြားတွင် ဖြန့်ဖြူးနိုင်ရန်အတွက် ဖြစ်သည်ဟု သူက ဆက်ပြောသည်။
ANC တွေ့ဆုံပွဲကို ရခိုင်အဖွဲ့အစည်းများ၊ ရခိုင်မိသားစုများ၊ မီဒီယာသမားများ စုစုပေါင်း ၁၅၀ခန့် တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်အမျိုးသားကော်စီ ပြည်တွင်းသို့ ဝင်ရောက်လာခြင်း အပေါ် ရခိုင်အမျိုးသားကွန်ယက် (ANN) အနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုပြီး ANC အနေဖြင့်လည်း လက်ရှိအစိုးရ၏ လုပ်ဆောင်များကို သတိထား ရန်လိုအပ်ကြောင်း ANN ဥက္ကဌ ဦးတင်ထူးအောင်က နိရဉ္စရာသို့ပြောသည်။
“ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ဒါပေမယ့် ANC အနေနဲ့ တချက်သတိထားရမှာက လက်ရှိအစိုးရက ဘယ်လို လမ်းကြောင်းတွေခင်းပီး လျှောက်လှမ်းနေသလဲ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မှုတွေ လုပ်ဆောင် သွားမလဲဆိုတာကို နိုင်ငံရေးအရ သတိထားဖို့တော့ လိုပါမယ်” ဟု ၎င်းက ဆိုသ
ည်။
from>>Narinjara

No comments:

Post a Comment