Tuesday, February 18, 2014

ရွှေတိဂုံတွင် နိုင်ငံခြားသားများကို ကျပ်ငွေ ပြောင်းကောက်မည်

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ရွှေတိဂုံစေတီတော်ကို လာရောက်တဲ့ နိုင်ငံခြားသားတွေကို ဧည့်ဝင်ကြေး ၁ ယောက် ၈ ဒေါ်လာ ကောက်ခံနေရာကနေ လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး ကျပ်ငွေ ၈ ထောင်အဖြစ် ပြောင်းလဲကောက်ခံမယ်လို့ ဂေါပကရုံးက ထုတ်ပြန်ကြေညာပါတယ်။

ရွှေတိဂုံစေတီတော်မှာ ခုလို ဒေါ်လာကနေ ကျပ်ငွေ ပြောင်းလဲကောက်ခံတာဟာ နိုင်ငံခြားသားတွေ က ပေးတဲ့ ဒေါ်လာငွေစက္ကူ အကြွေတွေကို ဟောင်းနွမ်းတယ် ဆိုပြီး လက်မခံချင်တာက အစပြုတာ ဖြစ်နိုင်တယ်လို့ ဧည့်လမ်းညွှန် ဒေါ်မိမိနိုင်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ဒေါ်လာ ၁၀၀ တန်၊ ၅၀ တန်နဲ့ အခြား ဒေါ်လာငွေစက္ကူ တန်ဖိုးကွာခြားတာ၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်ကိုယ်တိုင် ဒေါ်လာ အကြွေတွေ၊ ဟောင်းနွမ်းနေတာတွေကို လက်မခံလိုတာတွေကြောင့်လည်း ပါတယ်လို့ ဂေါပက ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံထဲ နိုင်ငံခြားသားတွေ သွားရောက်လည်ပတ်လေ့ ရှိတဲ့ ပုဂံယဉ်ကျေးမှုဇုန်မှာ ဧည့်ဝင်ကြေး ၁၅ ဒေါ်လာ၊ မန္တလေး နန်းတော်ဝင်း ၁၀ ဒေါ်လာ၊ အင်းဝ ဘုန်းတော်ကြီးကျောင်း ၁၀ ဒေါ်လာ၊ ကျိုက်ထီးရိုး ၆ ဒေါ်လာနဲ့ ဆူးလေစေတီတော် ၃ ဒေါ်လာ ကောက်ခံနေပါတယ်။
 

from>>DVB Burmese

No comments:

Post a Comment