မန္တလေးတိုင်းဒေသကြီး၊
ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ အမှတ် (၉) ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းတွင် ဖေဖော်ဝါရီ ၁၇ ရက်က ဆရာတော် သံဃာတော်များ
စုပေါင်းလက်မှတ်ထိုး၍ ၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသော ပုဒ်မ ၂၀/ ၉၀ ကို
ပယ်ဖျက်ပေးရန်နှင့် ခရိုင်သာသနာရေးဦးစီးမှူးအား ဖယ်ရှားပေးရန် သမ္မတအပါအ၀င်
သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြတောင်းဆိုမည်ဟု မိန့်ကြားသည်။
အဆိုပါဥပဒေသည် သံဃာတော်များအား ဖိနှိပ်ထားသော ဥပဒေဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။ မထူးခြားပါက ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။
“ဒီဥပဒေက ဦးစောမောင်လက်ထက်က ပြဋ္ဌာန်းထားတာပါ။ သူတို့နေရာမြဲဖို့နဲ့ သူတို့ကို ဖီဆန်တဲ့ သံဃာတွေကို အရေးယူဖို့ လုပ်ထားတဲ့ဥပဒေပါ။ အခု ဒီဥပဒေနဲ့ ပရဟိတလုပ်နေတဲ့ သံဃာတွေနဲ့ ဘ/က ကျောင်းတွေက သံဃာတချို့ကို အရေးယူမှုတွေလုပ်နေတယ်။ အဲဒီလိုလုပ်လို့မရအောင် ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမယ်”ဟု ဆရာတော်ဦးဥတ္တမ (ရွှေကြေးစည်)က မဇ္ဈိမကို မိန့်သည်။
ပုဒ်မ ၂၀/၉၀ သည် ၁၉၉၀ ပြည့်နှစ် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး သံဃာများကို အရေးယူနေသော ဥပဒေဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။
“မဟုတ်တာကိုတော့ မလုပ်နဲ့၊ ဟုတ်တာကိုတော့ လုပ်ရမယ်။ ကြောက်ဖို့မလိုသလို ကြမ်းဖို့လည်း မလိုဘူး။ ဥပဒေဘောင်အတွင်းကနေ လုပ်သွားမယ်။ ခေါင်းကောင်းဖို့ ခန္ဓာကိုယ်ကောင်းရမယ်။ ဒါကြောင့် အားလုံးညီညွှတ်ဖို့ လိုပါတယ်။ ဒီဥပဒေဟာ သာသနာအရေး သံဃာ့အရေးမှာ မရှိသင့်တော့ပါဘူး”ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
လက်ရှိတွင် ခရိုင်သာသနာရေးဦးစီးဌာနက အမှတ် (၉)၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော်ဦးဇဋိလအား ပုဒ်မ ၂၀/၉၀ဖြင့် တရားစွဲဆိုထား၍ ခရိုင်သာသနာရေးမှူးကိုလည်း ဆန္ဒပြသွားမည် ဟု ဆရာတော်များက မိန့်သည်။
from>>Mizzima Burmese

No comments:
Post a Comment