“အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် ဖမ်းဆီးခံရမည့် အခြေအနေ ရင်ဆိုင်နေရ”
ထိုင်းနိုင်ငံရေးပဋိပက္ခ အရှိန်မြင့်လာချိန်တွင် အလုပ်လုပ်ခွင့်
သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ
ဖမ်းဆီးခံရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရပြီး မြန်မာအစိုးရက လက်ရှိ
ထိုင်းအိမ်စောင့်အစိုးရထံ အလျင်အမြန် ဆက်သွယ်ညှိနှိုင်းသင့်ကြောင်း
ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသူများက
တိုက်တွန်းပြောကြားလိုက်သည်။
ထိုင်းနိုင်ငံရေးပဋိပက္ခများကြောင့်
အစိုးရအုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ချိန်တွင်
မြန်မာအလုပ်သမားများအနေဖြင့် ဖမ်းဆီးခြိမ်းခြောက်ခံရခြင်း၊ ငွေညှစ်ခြင်း၊
ပွဲစားများမှအမြတ်ထုတ်ခြင်းများ ဖြစ်လာနိုင်ကြောင်း
မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက်
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မဝေနှင်းပိုကပြောကြားသည်။
ပြီးခဲ့သည့် နှစ်လက လေးနှစ်သက်တမ်းပြည့် မြန်မာအလုပ်သမားများ
နေရပ်ပြန်ရန်မလိုဘဲ ဗီဇာသက်တမ်းတိုးနိုင်ကြောင်း နှစ်နိုင်ငံသဘောတူစာချုပ်
ချုပ်ဆိုခဲ့သော်လည်း အတည်ပြုရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက လွှတ်တော်သို့
တင်သွင်းထားစဉ် လွှတ်တော်ဖျက်သိမ်းလိုက်သည့်အတွက် အသက်ဝင်ခြင်းမရှိသေးပေ။
မြန်မာအစိုးရက ၎င်း၏အလုပ်သမားများအား နေရပ်ပြန်ရန်မလိုကြောင်း
ပြောထားသော်လည်း ထိုင်းရဲများကမူ ၎င်းတို့ကို စတင်ဖမ်းဆီးရန် စီစဉ်နေကြောင်း
Labour Rights Promotion Network (LPN)၏ ဒါရိုက်တာ
မစ္စတာဆွန်ပန်စရက်ကွက်ကပြောကြားသည်။
““အလုပ်သမားဝန်ကြီးဌာနအနေနဲ့
မြန်မာအလုပ်သမားတွေကို ဖမ်းနေတာကို ရပ်ပေးဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကို
တောင်းဆိုပေးစေချင်ပါတယ်”” ဟု ၎င်းကပြောကြားသည်။
ထိုင်းနိုင်ငံစီးပွားရေးမှာ ပြည်ပအလုပ်သမားအင်အားစုများအပေါ် မှီခိုနေရပြီး
၎င်းတို့ နေရပ်ပြန်သွားပါက ထိုင်းစီးပွားရေး
ဆိုးရွားစွာထိခိုက်နိုင်ကြောင်းလည်း ၎င်းက ထောက်ပြပြောဆိုသည်။
လက်ရှိအခြေအနေအရ လေးနှစ်အလုပ်လုပ်ကိုင်ခွင့်ရ ပြည်သူများမှာ
နေရပ်သို့ပြန်ပြီး အနည်းဆုံး သုံးနှစ်ကြာမှ ထိုင်းနိုင်ငံသို့
ပြန်လာရမည်ဖြစ်ရာ လက်တွေ့ကျသည့် မူဝါဒမဟုတ်သလို အလုပ်ရှင်များအနေဖြင့်လည်း
ကျွမ်းကျင်လုပ်သားများကို အဆုံးရှုံးခံမည်မဟုတ်ကြောင်း မဝေနှင်းပိုကဆိုသည်။
““ထိုင်းနိုင်ငံရေးအခြေအနေအပေါ် အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို
ဖမ်းဆီးငွေညှစ်တာမျိုးတွေမရှိအောင် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီး
ကာကွယ်တားဆီးမှုတွေ ကြိုတင်ပြုလုပ်စေချင်ပါတယ်””ဟု ၎င်းကပြောကြားသည်။
မြန်မာအစိုးရအနေဖြင့် သက်တမ်းပြည့်အလုပ်သမားများကို မဖမ်းဆီးရန်
တောင်းဆိုထားရုံဖြင့် မလုံလောက်ဘဲ အမှန်တကယ်ဖမ်းဆီးခံရမည့်သူများကို
အကောင်းဆုံးအကူအညီပေးရန်နှင့် ဖမ်းဆီးမှုများ လုပ်၊မလုပ်ကို
ဆက်တိုက်စောင့်ကြည့်စေလိုကြောင်းလည်း ၎င်းကတိုက်တွန်း ထားသည်။
ဖမ်းဆီးမည် သတင်းများ ထွက်ပေါ်နေသော်လည်း ဆန္ဒပြသူများ ပိတ်ဆို့ထားသည့်
မိမိအလုပ်လုပ်ရာ MBK ကုန်တိုက်အတွင်း ပုံမှန်အလုပ်များ
လုပ်ကိုင်လျက်ရှိပြီး အလုပ်လုပ်ခွင့်သက်တမ်းလွန်နေသော်လည်း နေရပ်သို့
မပြန်လိုသေးကြောင်း ယင်းကုန်တိုက်မှ
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောကြားသည်။
““ဒီမှာ အေးဆေးပဲ။
ဘာမှအနှောင့်အယှက်မရှိပါဘူး။ ပုံမှန်ပါပဲ။ စိတ်တော့ နည်းနည်းပူတယ်”” ဟု
နည်းပညာနှင့် မိုဘိုင်းဖုန်းပစ္စည်းအရောင်းဆိုင်တွင်
ငါးနှစ်ခန့်လုပ်ကိုင်နေသည့် အသက် (၂၀) အရွယ် မြန်မာအလုပ်သမားကပြောသည်။
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားအင်အား လေးသိန်းနီးပါးရှိပြီး လက်ရှိ
ပြဿနာများအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ
ဦးကျော်ကျော်လွင်အား ဆက်သွယ်မေးမြန်းသော်လည်း
ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ဘန်ကောက်မြို့၏ အချက်အချာကျသည့်
Siam Square အပါအ၀င် မြို့ တွင်းနေရာအချို့ကို အတိုက်အခံအချို့က
ပိတ်ဆို့ထားသော်လည်း ဘန်ကောက်မြို့တွင်း သွားလာဆက်သွယ်ရေးအပါအ၀င်
လုပ်ငန်းအများစုမှာ ပုံမှန်လည်ပတ်လျက်ရှိသည်။
ရွေးကောက်ပွဲနေ့တွင် ဘန်ကောက်ပိတ်ဆို့မှုအပြင် အလုံးစုံပိတ်ဆို့မှုများ
ပြုလုပ်သွားမည်ဟု အတိုက်အခံခေါင်းဆောင် ယခင် ဒုဝန်ကြီးချုပ်ဟောင်း
ဆူသက်သောင်ဆူဘန်က ပြောကြားထားသော်လည်း ဘန်ကောက်မြို့တွင်
နိုင်ငံခြားခရီးသွားဧည့်သည်များဖြင့် စည်ကားနေဆဲဖြစ်သည်။
from>> 7day Daily
No comments:
Post a Comment