Sunday, February 2, 2014

မန္တလေး ရေသန့်စင်စနစ် နည်းပညာနှင့် ကန်ဒေါ်လာခြောက်သိန်း ဂျပန်ကူညီမည်

မန္တလေးမြို့တော်အတွင်း ရေဖြန့်ဖြူးခြင်းနှင့် ရေသန့်စင်စနစ်အတွက် လိုအပ်သော နည်းပညာ အကူအညီအပြင် အမေရိကန်ဒေါ်လာ ခြောက်သိန်းကို ဂျပန်နိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သော Kitakyushu City ရေပေးဝေရေးဌာနက ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကူညီမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုကူညီပေးမယ့် အဖွဲ့အစည်းက ဌာနနဲ့ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့တာ ခြောက်ကြိမ်လောက် ရှိပါပြီ။ အခုတစ်ခေါက်လည်း သူတို့ဘက်က အင်ဂျင်နီယာ လေးယောက် ပါဝင်တဲ့အဖွဲ့ ရောက်လာတယ်။ ကျွန်တော်တို့ မြို့တော်စည်ပင် ရေနှင့် သန့်ရှင်းရေးဌာနက အင်ဂျင်နီယာတွေနဲ့ ကွင်းဆင်း လေ့လာခဲ့တယ်” ဟု ၎င်းကဆိုသည်။

Kitakyushu City ရေပေးဝေရေး အဖွဲ့သည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနသို့ ရေသန့်စင် စနစ်ထဲတွင် ပါဝင်သော မြစ်ရေတင် ရေဖြန့်ဖြူးရေးနှင့် မြို့တွင်းသို့ ရေဖြန့်ဖြူးလျက်ရှိသည့် ရေစက်တို့ကို အဆင့်မြှင့်တင်ရန်၊ ရေသန့်စင်ရန်အတွက် ကလိုရင်း အသုံးပြု နည်းပညာနှင့် စက်ပစ္စည်းအချို့ တပ်ဆင်ရန်၊ မြို့တော်စည်ပင် ရေဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရန်နှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ခြောက်သိန်း လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအပြင် ဝန်ထမ်းများကို နှစ်နိုင်ငံ အပြန်အလှန် စေလွှတ်ကာ နည်းပညာ ပူးပေါင်းဖလှယ် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ အင်ဂျင်နီယာများကို Kitakyushu City ရှိ ရေပေးဝေရေးဌာနသို့ စေလွှတ်မည်ဟု အဆိုပါ ကော်မတီထံမှ သိရသည်။

from>>The Voice

No comments:

Post a Comment