Sunday, February 2, 2014

ဧရာဝတီမြစ်ကြောင်းအတွင်း ရေစူးသတ်မှတ်ချက်များ ထုတ်ပြန်ထားပြီး ဆင်ဘို-မြစ်ကြီးနား ရေကြောင်းတွင် ရေစူးအနက် နှစ်ပေခွဲသာရှိ

ဧရာဝတီမြစ်ကြောင်းအတွင်း ရေကြောင်းကျပ်ခြင်းကို ယခုနှစ်တွင် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်ဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေနည်းကာလ ရေစူးသတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ရေနည်းကာလတွင် သင်္ဘောခရီးစဉ်များ သောင်တင်ခြင်း မတော်တဆမှုများနှင့် ခရီးစဉ်နှောင့်မှုများ မဖြစ်ပေါ်စေရန် သတ်မှတ်ရေစူးများအတိုင်း ကုန်စည်တင်ဆောင်ကာ ပြေးဆွဲခုတ်မောင်းနိုင်ရန် မြစ်ကြောင်းတစ်လျှောက်တွင် ရေစူးသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်များ၌ ရေစူးအတိမ်ဆုံးအပိုင်းမှာ ဆင်ဘို-မြစ်ကြီးနား ရေကြောင်းဖြစ်ပြီး ရေစူးအနက် နှစ်ပေခွဲသာရှိကြောင်း တွေ့ရသည်။ မန္တလေး-ပြည် ရေလမ်းကြောင်းတွင် ရေစူးငါးပေ၊ မန္တလေး-ကသာလမ်းပိုင်းတွင် ရေစူးလေးပေ၊ ကသာ-ဗန်းမော်တွင် ရေစူးသုံးပေကိုးလက်မနှင့် ဟင်္သာတ-ပြည် ရေကြောင်းတွင် ငါးပေခြောက်လက်မဖြစ်ကြောင်း သိရသည်။

ရေနည်းကာလအတွက် ရေစူးသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းနှင့်အတူ ပြေးဆွဲသွားလာ ခုတ်မောင်းနေသည့် ရေယာဉ်များတွင် ရေစူးကန့်သတ်ချက်များအတိုင်း ကုန်တင်ပြေးဆွဲခုတ်မောင်းမှုကို စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ရေနည်းကာလအတွင်း ရေယာဉ်များ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန် ရေကြောင်းကျပ်တည်းမှုများ ဖြစ်ပေါ်လေ့ရှိသော နေရာများ၌ သောင်တူးခြင်း၊ ရေမြုပ်ကျောက်တန်းများကို ရှင်းလင်းမှုများ အပါအ၀င် ရေလမ်းကြောင်း ပြုပြင်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
from>>Eleven Media Group

No comments:

Post a Comment