ရုရှားနိုင်ငံသည် ဆိုဗီယက်ခေတ် ကတည်းက စတင် အသုံးပြုခဲ့သည့် အဆင့် သုံးဆင့်ပါ RS-12M Topol ဒုံးကျည်ကို နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်စွမ်း ရှိသည့် ဒုံးကျည်အဖြစ် ပြန်လည် အဆင့်မြှင့်တင်၍ အောက်တိုဘာ ၁ဝ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ဒုံးကျည်ကို ကက်စပီယံ ပင်လယ်အနီးရှိ Kapustin Yar စစ်ဘက်ဒုံး ကျည်စမ်း သပ်ရေး စခန်းမှ ပစ်လွှတ်ခဲ့ပြီး ၄င်းဒုံးကျည်သည် ကာဇက်စတန် နိုင်ငံတွင် ရုရှားနိုင်ငံက ငှားရမ်းထားသည့် Sary-Shagon စမ်းသပ်ရေး ကွင်းအတွင်းရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ်ယေဂိုရော့ဗ်က ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် ရုရှားနိုင်ငံ တစ်နိုင်ငံသာ တိုက်ချင်းပစ် ဒုံးကျည်များကို စမ်းသပ် ပစ်လွှတ်နေဆဲ ဖြစ်ကြောင်းနှင့် စမ်းသပ် ပစ်လွှတ်မှု အများစုကို သက်တမ်းကြာမြင့်လျက် ရှိသော ရုရှားနိုင်ငံရှိ လက်နက် ခဲယမ်းများ၏ ဘေးကင်း လုံခြုံမှု သို့မဟုတ် NATO တပ်ဖွဲ့၏ ဥရောပဒေသတွင်း တပ်ဖြန့်ချထားသော လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ထိုးဖောက်နိုင်သည့် ဒုံးကျည် သစ်များကို စမ်းသပ်ရန် အတွက်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုဗီယက် ခေတ်ကာလ ရုရှားကာကွယ်ရေး တပ်ဖွဲ့များအား အထောက်အကူ ပြုခဲ့သည့် အဆင့် သုံးဆင့်ပါ RS-12 M Topol ပဲ့ထိန်း ဒုံးကျည်ကို ပြုပြင် မွမ်းမံမှုများ ပြုလုပ်ကာ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းဒုံးကျည် စမ်းသပ်ပစ်လွှတ် ရခြင်း၏ ရည်ရွယ်ချက် သည် ဒုံးကျည်အား ဆက်လက် အသုံးပြုနိုင်ရေး အဆင့်မြှင့် တင်မှုများပြု လုပ်စဉ်အတွင်း အရေးပါသော ဒုံးကျည် ပျံသန်းမှုများကို သတ်မှတ်ထားသည့် အတိုင်း တည်ငြိမ်မှု ရှိစွာဖြင့် ပျံသန်းနိုင်ရေး အတွက် အတည်ပြုရန် ဖြစ်ကြောင်းနှင့် ပထမဆုံး RS-12 M Topol ပဲ့ထိန်း ဒုံးကျည်ကို လွန်ခဲ့သည့် ၂၅ နှစ်ခန့်က တည်းက စတင် အသုံးပြုခဲ့ကြောင်း ယေဂိုရော့ဗ်က ထပ်လောင်း ပြောကြားခဲ့သည်။
from >မြ၀တီ
No comments:
Post a Comment