မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ
မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀
တန်ဖိုးရှိသည့် တရားမ၀င် မက်သမ်ဖက်တမင်း (methamphetamine) ဆေးအလုံးပေါင်း
ငါးသန်းကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က
သောကြာနေ့တွင် ကြေညာခဲ့သည်။
ယခုဖမ်းဆီးရမိမှုသည် ထိုင်းနိုင်ငံ၌
နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှုဖြစ်ပြီး
မြန်မာနိုင်ငံတွင်လည်း amphetamine စိတ်ကြွဆေး ထုတ်လုပ်မှု
မြင့်မားနေကြောင်းကို ပြဆိုနေသည်။
ဖမ်းဆီးမှု နှစ်ခုအတွင်း လူခြောက်ဦးအား ဖမ်းဆီးရမိခဲ့ပြီး
ဘန်ကောက်မြို့အနီး Nonthaburi ရှိ အိမ်တစ်အိမ်နှင့် Phetchabun ရှိ ထရပ်ကား
တစ်စီးပေါ်တို့တွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။
''ထိုင်းဘတ်ငွေ
တစ်ဘီလျံလောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး အလုံးပေါင်း ၅ ဒသမ ၃ သန်းလောက်
ဖမ်းဆီးရမိခဲ့ပါတယ်'' ဟု ရဲတပ်ဖွဲ့ မူးယစ်နှိမ်နင်းရေးဗျူရိုမှ
ဒုတိယဗိုလ်ချုပ်ကြီး Surapol Thuanthong က အေအက်ဖ်ပီသို့ တယ်လီဖုန်းမှ
တစ်ဆင့် ပြောကြားသည်။
၎င်းက ဆက်လက် ပြောကြားရာတွင် ဆေးဝါးများသည်
မြန်မာနိုင်ငံတွင် ထုတ်လုပ်ပြီး မြန်မာ၊ ထိုင်းနှင့် လာအို သုံးနိုင်ငံ
ထိစပ်နေသည့် ရွှေတြိဂံဒေသမှတစ်ဆင့် မှောင်ခိုတင်သွင်း လာခြင်းဖြစ်သည်ဟု
ဆိုသည်။
''စိတ်ကြွဆေးဝါး ထုတ်လုပ်တာက အကျိုးအမြတ် များတဲ့အတွက်
အခုစိတ်ကြွ ဆေးတွေတိုးပြီး ထုတ်လာနေတယ်။ လူမျိုးစု အဖွဲ့တွေမှာ
ဆေးဝါးထုတ်လုပ်ဖို့ စက်ရုံငယ်လေးတွေ ရှိတတ်ကြတယ်'' ဟု ဒုတိယ ဗိုလ်ချုပ်ကြီး
Surapol က ဆက်လက် ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ
တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားပေါင်း ၁ ဒသမ ၄ ဘီလျံကို ရွှေတြိဂံဒေသမှ
နှစ်စဉ်ထုတ်လုပ်လျက် ရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုများရုံး၏
ထုတ်ပြန်ချက်အရ သိရပြီး ထိုင်းနိုင်ငံတွင် စိတ်ကြွဆေး အသုံးပြုသူဦးရေ
ခြောက်သိန်းခန့် ရှိသည်ဟု ဆိုသည်။
၎င်းဆေးဝါးများသည်
အာဖဂန်နစ္စတန်အပြီး ကမ္ဘာပေါ်တွင် ဒုတိယ မူးယစ်ဆေးဝါး ထွက်ရှိသည့် ဒေသဖြစ်သော
ရှမ်းပြည်နယ် အတွင်းရှိ တောအုပ်များ အတွင်း၌ ရွှေ့ပြောင်း၍ရသည့်
ဓာတ်ခွဲခန်းများတွင် အများဆုံး ထုတ်လုပ်ခြင်းဖြစ်သည်။
မူးယစ်ဆေး
ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ကာလကြာရှည် ဖြစ်ပွားနေသော
လက်နက်ကိုင် တော်လှန်မှုများနှင့် နီးကပ်စွာ ဆက်စပ်မှုရှိနေပြီး
တိုင်းရင်းသား မျိုးနွယ်စု လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့၏ လုပ်ငန်းများ
ဆောင်ရွက်ရန်အတွက် မူးယစ်ဆေး ကုန်သွယ်မှုမှ ရရှိသောဝင်ငွေကို အသုံးပြုလေ့
ရှိသည်ဟု ယူဆကြသည်။
from EMG
No comments:
Post a Comment