ယာဉ်တိုက်မှုကျူးလွန်ပြီး ဒဏ်ရာရသူကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးမည် ဆိုပါက အဆိုပါ ယာဉ်မောင်းအတွက် တရားရုံးတွင် ကျေအေးခွင့် ရနိုင်မည်

(ရန်ကုန်မြို့
ကမ်းနားလမ်းတွင် စက်တင်ဘာ ၈ ရက်က လူတစ်ဦးအား ယာဉ်ဖြင့်တိုက်ပြီး
ထွက်ပြေးသည့် ယာဉ်တိုက်မှု ဖြစ်စဉ် (ဓာတ်ပုံ-ကြည်နိုင်))
မော်တော်ယာဉ်ဖြင့် မတော်တဆ တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသည့်
လူနာကို နီးစပ်ရာ ဆေးရုံသို့ တာဝန်သိစွာ ပို့ဆောင်ပေးခဲ့သူ ယာဉ်မောင်းမှာ
တရားရုံးတွင် ကျေအေးခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။
ယင်းကဲ့သို့ တာဝန်သိတတ်မှုရှိသည့် ယာဉ်မောင်းများမှာ တရားရုံး၌
တရားရင်ဆိုင် နေစဉ်တွင် တစ်ဖက်လူ၏ သဘောတူညီချက်နှင့်အတူ ကျေအေးခွင့်
ရရှိနိုင်မည် ဖြစ်သော်လည်း လူသားချင်း စာနာမှု မရှိသည့် ယာဉ်မောင်းများကို
ထိရောက်စွာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ နေ့စဉ်ဖြစ်ပွားနေသော ယာဉ်နှင့်စပ်ဆက် မတော်တဆ ယာဉ်တိုက်မှု
ဖြစ်စဉ်များအနက် ယာဉ်မောင်း ၁၀ ရာခိုင်နှုန်းကျော်မှာ
တိုက်ပြီးထွက်ပြေးခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။
"အဲလိုမျိုး တာဝန်မယူဘူး၊ တာဝန်မခံဘူး၊ တာဝန်မဲ့စွာနဲ့
တိုက်ပြီးထွက်ပြေးတဲ့ ယာဉ်မောင်းတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ
အရေးယူသွားမယ်။ ဒါ့အပြင် လိုင်စင်တစ်နှစ် ပိတ်သွားမယ်။ အဲ့လိုထွက်
ပြေးသွားတဲ့ ယာဉ်တွေကိုလည်း ကားနံပါတ်၊ ကားအမျိုးအစားတွေ သိရုံနဲ့
ချက်ချင်းဖမ်းဆီးလို့ ရပါတယ်။ ဒီလိုဖြစ်စဉ်တွေ အများစုက ယာဉ်ထိန်းရဲ
တပ်ဖွဲ့တွေနဲ့ ပတ်ဝန်းကျင်မှာ လူသွားလာမှု မရှိတဲ့ နေရာတွေ အများစု
ဖြစ်နေပါတယ်။ ယာဉ်နဲ့တိုက်မိတဲ့လူကို လူသားချင်း စာနာစိတ်နဲ့
နီးစပ်ရာဆေးရုံကို ပို့ပေးမယ်။ အဲ့လူကလည်း မသေဘူး။ ဒဏ်ရာရရှိသွားတဲ့
လူနာဘက်ကလည်း ကျေနပ်မှု ရှိမယ်ဆိုရင်တော့ တရားရုံးမှာ ကျေအေးခွင့်
ရရှိနိုင်မယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲ
တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။
လူသားချင်း
စာနာစိတ်မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာတွင် လူနာအား နီးစပ်ရာ
ဆေးရုံနှင့် သက်ဆိုင်ရာသို့ အကြောင်းကြားမှု မရှိသည့် ဖြစ်စဉ်အချို့တွင်
ဒဏ်ရာရရှိခဲ့သည့် လူနာများ မသေသင့်ဘဲ သေဆုံးနေရကြောင်း သိရသည်။
from Eleven Media Group
No comments:
Post a Comment